ထိုင်းနိုင်ငံ၊ ရနောင်းမြို့လှေဆိပ်ကနေ ကော့သောင်းဘက်ကို နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက သက်ငယ်ပိုင်း အမျိုးသား ၂၅ ဦးကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထမ်းဆောင်ရမယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံတွေဆီက သိရပါတယ်။
အဆိုပါ နေရပ်ပြန်ပို့ခံရသူ ၁၅၂ ဦးကို စစ်ကောင်စီက ကော့သောင်းလှေဆိပ်မှာပဲ စစ်ဆေးဆောင်ရွက်ကာ လူလတ်ပိုင်း အမျိုးသား ၂၅ ဦးခန့်ကို စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရမယ်ဆိုပြီး လူသစ်စုဆောင်းဖို့အတွက် ဖမ်းဆီးလိုက်တယ်လို့ ကော့သောင်းမြို့ခံတွေဆီက သိရပါတယ်။
ကော့သောင်းမြို့ခံတဦးက “ရနောင်းက လွှတ်လိုက်တဲ့အထဲမှာ အရွယ်ကောင်း အမျိုးသား အမျိုးသမီး အကုန်လုံးပါတယ်။ ထားဝယ်၊ ကော့သောင်းဘက်က လူတွေလည်း ပါတယ်။ တချို့ကျတော့ ငွေနဲ့ရှင်းပြီး လွှတ်လိုက်တယ်၊ တချို့ကျ ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၃၀ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အချုပ်တွင်းမှ ပြစ်ဒဏ်ကျခံရတဲ့ အဆိုပါ မြန်မာနိုင်ငံသား ၁၅၂ ဦးကို ကော့သောင်းမြို့ လှေဆိပ်ကို ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်အမျိုးသားတွေကို စစ်ကောင်စီတပ်က ဘတ်ငွေ ထောင်ဂဏန်းနဲ့အထက် ငွေညှစ်တောင်းတယ်လို့ သိရပြီး ပေးနိုင်တဲ့သူတချို့ကို ပြန်လွှတ်ပေးကာ မပေးနိုင်တဲ့သူတွေကိုတော့ သြဂုတ် ၁ ရက်မှာ ကော့သောင်းမြို့၊ ၆ မိုင်ရွာက ခလရ ၂၆၂ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
လက်ရှိ ခလရ ၂၆၂ တပ်ရင်းထဲမှာပဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပြီး သူတို့နဲ့ အဆက်အသွယ်ရတဲ့ မိသားစုဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာကနေ ပြန်ထုတ်နိုင်ဖို့အတွက် စစ်ကောင်စီနဲ့ သွားရောက်ညှိနှိုင်း ပြောဆိုနေတာတွေ ရှိတယ်လို့ ကော့သောင်းဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဘက်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး နေရပ်ပြန်ပို့ခံရနိုင်တဲ့ သူတွေကိုလည်း စစ်ကောင်စီက အခုလိုမျိုး စစ်မှုထမ်း လူသစ်စုဆောင်းနိုင်လာတဲ့အတွက် ပြစ်ဒဏ်ကျခံရတဲ့သူရဲ့ မိသားစုဝင်တချို့မှာ စိုးရိမ်ပူပန်မှုရှိလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မြို့ပေါ်နဲ့ ကျေးရွာဒေသတွေမှာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းလာတာကြောင့် အသက်ပြည့်ပြီး လူငယ်တွေမှာ ပြည်ပနိုင်ငံဘက် ယာယီတိမ်းရှောင်လာတာတွေ ပိုများပြားလာပြီး အထောက်အထားမဲ့တာကြောင့် ဖမ်းဆီးခံရတာတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။