Home
နိုင်ငံတကာ
Hyundai ကားကုမ္ပဏီက ထိုင်းတွင် ဒေါ်လာ ၂၈ သန်း ရင်းနှီးမြှုပ်နှံမည်
DVB
·
August 8, 2024
Photo - REUTERS/Chaiwat Subprasom

တောင်ကိုရီးယားကားကုမ္ပဏီဖြစ်တဲ့ Hyundai ဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား တပ်ဆင် ထုတ်လုပ်မှုအတွက် ဘတ် ၁ ဘီလီယံ (ဒေါ်လာ ၂၈သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

Hyundai ဟာ ထိုင်းနိုင်ငံမှာ ဘယ်ထရီထုတ်လုပ်မှုနဲ့ EV ကား တပ်ဆင်ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်လို့ နိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က သြဂုတ် ၇ ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ BYD, Great Wall Motors စတဲ့ တရုတ်ကားကုမ္ပဏီတွေ လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် တရုတ်ကားကုမ္ပဏီတွေဟာ အရှေ့တောင်အာရှဈေးကွက်အတွက် ထိုင်းနိုင်ကို အခြေစိုက်ပြီး စက်ရုံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Hyundai ကလည်း ၂၀၂၆ ခုနှစ်မှာ စတင်မယ့် ကားထုတ်လုပ်မှုအတွက် အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အခြေစိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဘုတ်အဖွဲ့က ဆိုပါတယ်။

“ထိုင်းနိုင်ငံဟာ Hyundai အတွက် ကုန်ကြမ်းထောက်ပံ့နိုင်မှု အားကောင်းပြီး ထိုင်းပြည်တွင်းမှာပဲ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖြည့်တင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်” လို့ ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

EV ကား ရောင်းချရမှုဟာ အရှေ့တောင်အာရှမှာ တဟုန်ထိုး တိုးတက်လာပြီး BYD က ဈေးကွက်ကို ဦးဆောင်နေကာ ဂျပန်၊ ကိုရီးယားနိုင်ငံထုတ် အင်ဂျင်ကားတွေရဲ့ ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ အကြီးဆုံး ကားထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အရှေ့တောင်အာရှရဲ့ ပထမ ၃ လပတ် EV ရောင်းချမှု ၅၅ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံက ဖြစ်တယ်လို့ Counterpoint လေ့လာရေးက ဆိုပါတယ်။

၁၉၆၇ ခုနှစ်က စတင်ခဲ့တဲ့ Hyundai ဟာ ၂၀၂၁ ခုနှစ်မှာ မော်တာ၊ ဘက်ထရီတွေနဲ့ အလုပ်လုပ်တဲ့ EV ကားထုတ်လုပ်မှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။

Hyundai ဟာ ၂၀၂၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ၁ နှစ်ကို ကားစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နေကာ စင်ကာပူနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုစခဲ့ပြီး ၁ နှစ်ကို ကားစီးရေ ၃၀,၀၀၀ ထုတ်လုပ်ဖို့ သတ်မှတ်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013