Home
နိုင်ငံတကာ
MFP ပါတီဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင်ပိုင်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခံရ 
DVB
·
August 7, 2024

ထိုင်းနိုင်ငံရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ လိမ္မော်ရောင်  Move Forward Party ပါတီကို ထိုင်းအခြေခံဥပ‌ဒေတရားရုံးက ဩဂုတ် ၇ ရက် ညနေပိုင်းမှာ ပါတီဖျက်သိမ်းကြောင်း ဆုံးဖြတ်ကြေညာခဲ့သလို ပါတီခေါင်းဆောင် ထိမ်းဖိထား အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်စီ ပိတ်ပင်လိုက်ပါတယ်။

Move Forward Party ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ကြံစည်မှု၊  နိုင်ငံတော်ရဲ့ အထွတ်အမြတ် ဘုရင့်နန်းတော်ဆိုင်ရာ ဥပဒေတွေကို ထိပါးမှုနဲ့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပြီး တရားလိုက စစ်အာဏာရှင်ဘက်တော်သား လွှတ်တော်အမတ်ဟောင်းနဲ့ ဘုရင့်သစ္စာတော်ခံတဲ့သူတွေ ဖြစ်ကြပါတယ်။

သူတို့ပါတီဟာ နန်းတွင်းဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ရွေးကောက်ပွဲမဝင်ခင် မဲဆွယ်စဉ်ကတည်းက တစိုက်မတ်မတ် ကြွေးကြော်လာခဲ့သလို လွှတ်တော်ထဲရောက် အမတ် ၄၄ ဦးကလည်း အဆိုပါဥပ‌ဒေပြင်ဆင်ဖို့ စာနဲ့တောင်းဆိုထားတာရှိတယ်၊ ပုဒ်မ ၁၁၂ ကို ထိပါးတာဟာ ဘုရင်စနစ်ပြိုကွဲရေး၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ပျက်ပြား‌ရေးကို ဦးတည်နေတယ်၊ ပြည်သူလူထု ဆူပူထကြွအောင် သွေးထိုးလှုံ့ဆော်တယ် ဆိုပြီး စွဲချက်တင်ခံထားရတာပါ။

Move Forward Party အနေနဲ့လည်း ပုဒ်မ ၁၁၂ ပြင်ဆင်ခြင်းမှာ ဘုရင်စနစ် ပျက်ပြားစေဖို့ မဟုတ်ဘဲ တော်ဝင်အနွယ်နဲ့ ပြည်သူကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာဖြစ်တယ်၊ အဆိုပါပုဒ်မကို အသုံးချပြီး အပြစ်မရှိသူတွေ ဖမ်းဆီးထောင်ချခံရတာတွေ ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ သူတို့ပါတီ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်စဉ်၊  မဲဆွယ်စဉ်ကာလက ပုဒ်မ ၁၁၂ ထိပါးလို့မရတဲ့ စည်းကမ်းချက်ကို သတိပေး ပြောကြားခြင်း မရှိခဲ့ဘဲ ရွေးကောက်ပွဲမှာ အနိုင်ရကာမှ ရွေးကောက်ပွဲဥပဒေနဲ့ မညီညွတ်ကြောင်း ပြောဆိုခဲ့တယ်၊ အစရှိသဖြင့် ထုချေလွှာတွေ တင်ခဲ့ပေမဲ့လည်း တင်ပြချက်တိုင်းကို အခြေခံဥပဒေတရားရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာ Move Forward Party ကို စီရင်ချက်ချမယ် ဆိုတာကြောင့် ပါတီကို အားပေး ဝန်းရံသူတွေ ရာနဲ့ချီပြီး မနက်ကတည်းက တရားရုံးရှေ့မှာ လာရောက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

တရားစီရင်ချက် ကြားသိရတဲ့နောက် တရားရုံးကနေ ထွက်လာတဲ့ ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ကို လူအုပ်ကြီးက စိတ်ဓာတ်မကျဖို့ တခဲနက် အားပေးခဲ့ကြပါတယ်။ ထိမ်းဖိထားမျက်နှာမှာ အပြုံးမပျက်ဘဲ သတင်းထောက်တွေရဲ့ ဝိုင်းဝန်းမေးမြန်းချက်တွေပေါ်မှာတော့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားမယ်လို့ ပြောခဲ့ပါတယ်။

Move Forward Party ပါတီဟာ ဒီမတိုင်ခင်က ထနားထွဏ်းကျစ်ရုန့်ရိန်းကစ် ဦးဆောင်တဲ့ Future Forward Party ကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

FFP ပါတီဟာ ခေတ်ပညာတတ် လူငယ်အများစု ဦးဆောင်ပြီး လူကြိုက်များ ရေပန်းစားပေမဲ့ ဘုရင်စနစ်ဆန့်ကျင်တဲ့ပါတီလို့ သမုတ်ခံရပြီး ပါတီခေါင်းဆောင်တွေဟာလည်း စွဲချက်အမျိုးမျိုးနဲ့ တရားစွဲခံခဲ့ရပါတယ်။

နောက်ဆုံးတော့ ပါတီခေါင်းဆောင် ထနားထွဏ်းဟာ ကြော်ငြာမဂ္ဂဇင်းတခုထဲ အစုရှယ်ယာပါဝင်မှု၊ သူပိုင်ငွေတွေနဲ့ ပါတီကို အတိုးနှုန်း အလွန်ချိုသာစွာ ချေးငှားမှုတွေနဲ့ အရေးယူခံရပြီး ပါတီဖျက်သိမ်းခံရသလို သူနဲ့တကွ ပါတီခေါင်းဆောင် ၁၀ ဦးကျော်ဟာလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်စီ ပိတ်ပင်ခံခဲ့ရပါတယ်။

FFP  ပါတီ ဖျက်သိမ်းခံရတဲ့နောက် ပါတီထဲက အရေးယူခြင်းမခံရတဲ့ အမတ်တွေ ဦးဆောင်ပြီး Move Forward Party ကို ပြန်လည်ဖွဲ့စည်းခဲ့ရာမှာလည်း လူကြိုက်များ ရေပန်းစားပြီး ၂၀၂၃ ရွေးကောက်ပွဲမှာ အပြတ်အနိုင်ရခဲ့ပါတယ်။

ပါတီဖျက်သိမ်းခံရမယ့် အရိပ်အယောင်တွေ ကြိုတင်မြင်ကတည်းက နောက်ထပ် အမည်သစ်နဲ့ ပါတီထပ်ဖွဲ့စည်းဖို့ ပြင်ဆင်ထားကြောင်း၊ ပါတီခေါင်းဆောင် အမှုဆောင်တွေပါ ရွေးချယ်ထားကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။

Source: 3 Plus News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013