Home
မြန်မာသတင်း
ထိုင်းကြက်သားစက်ရုံတွင် အလုပ်သမားများ သေနတ်ဖြင့် ခြိမ်းခြောက်ခံရ
DVB
·
August 5, 2024

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ နခွန်းပထုံခရိုင်ထဲက ကြက်သားစက်ရုံတခုမှာ အလုပ်သမားတွေ သေနတ်နဲ့ ခြိမ်းခြောက်ခံရပြီး လုပ်ငန်းခွင်အတွင်းမှာ ဖိနှိပ်မှုတွေ၊ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ ရှိတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

နခွန်းပထုံခရိုင်ထဲက ကြက်သားစက်ရုံတခုမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အလုပ်သွားရောက် လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား အယောက် ၂၀ ကျော်ဟာ လုပ်ငန်းခွင်အတွင်း အကြောင်းမဲ့ ရိုက်နှက်ခံရပြီး သေနတ်နဲ့ ခြိမ်းခြောက်ခံခဲ့ရသလို ညသန်းခေါင်အချိန်မှာ မောင်းထုတ်ခံခဲ့ရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ အဲဒီ ကြက်သားစက်ရုံမှာ အလုပ်ရဖို့ အလုပ်ရှာဖွေပေးတဲ့ ပွဲစားကို တဦး ဘတ် ၅,၅၀၀ ကနေ ၆,၅၀၀ အထိ ပွဲစားခပေး၊ အလုပ်စဆင်းတဲ့ရက်ကစလို့ တနေ့ကို အလုပ်ချိန် မနက် ၈ နာရီကနေ ည ၁ နာရီလောက်ထိ၊ ထမင်းစားချိန် ခဏသာနားရပြီး ဆက်တိုက် အလုပ်လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

ကာယကံရှင် အလုပ်သမတဦးက “ညီမတို့ အဲ့နေ့တုန်းက တဆင့်သွင်းပေးတဲ့ ပွဲစားကို ညီမတို့ ထမင်းစားချိန်၊ နားချိန် အတိအကျ သိချင်တယ် မေးတာ။ ညီမတို့လည်း မနက် ၈ နာရီကနေ ဝင်လိုက်တယ်။ ၁ နာရီထိ ထမင်းစား နားမပေးဘူး။ လက်ဟန်ခြေဟန်နဲ့ပြောမှ ပေးနားတယ်။ ၇ နာရီမှ မိုးချုပ်နေပြီ။ အဲဒီအချိန်မှ ပေးနားတယ်။ ပြန်တက်တော့ အလုပ်လုပ်နေရင်း ကရင်ကောင်လေးကို အကြောင်းမဲ့ နားရင်းထရိုက်တယ်။ ပြီးလည်း အခြေအနေ ထပ်လွန်လာရင် ဝိုင်းပြောကြမယ်ဆိုပြီး ကြည့်တော့ အဲ့လူက သေနတ်ထုတ်လာပြီး အဲဒီသေနတ်နဲ့ချိန်ပြီး ခိုင်းတာ။ ကြက်သားထုပ်နေတဲ့ ကောင်လေးတွေကိုလည်း နားရင်းတွေဝင်ရိုက်၊ ညီမတို့ကို အရင်တုန်းက ဆေးစရာ အဟောင်းတွေ၊ ပုံးတွေ၊ အနောက်က ကြက်ချေးခန်းတွေကို သေနတ်ကြီးနဲ့ ချိန်ပြီး လိုက်ဆေးခိုင်းတာ။ မပြီးရင်လည်း ပြန်မလွှတ်ဘူး။ ည ၁၁ ခွဲ၊ ၁၂ လောက်မှ ပြန်လွှတ်တယ်။ ညီမတို့ ပြန်လာတုန်းရှိသေး ကားဟွန်းကြီးတီးပြီး အတင်းနှင်ထုတ်တာ။ ပစ္စည်းတွေတောင် သယ်ချိန်မရဘူး။ အဲဒါ ထွက်ပြေးလာတာ” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို မေလအတွင်းက ရောက်လာကာ အထောက်အထား မရှိတဲ့အတွက် အခုလို လုပ်ငန်းခွင်မှာ မတရား ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေကိုလည်း မတိုင်ကြားရဲဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားကူညီရေး အဖွဲ့တွေကိုလည်း အကူညီတောင်းခံတာမျိုး မရှိတဲ့အတွက် အဲဒီကြက်သားစက်ရုံက ထွက်လာပြီးနောက်မှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင်ရရှိရေး အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေကို ကူညီပေးခဲ့သူက “အဲ့ညတုန်းက ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှာ သူတို့ကို နှင်လွှတ်လို့ ဘယ်လိုမှ နေလို့မရတော့လို့ နေမယ်ဆိုရင်တောင် ပုလိပ်ကားကို ခေါ်ပြီး ဖမ်းခိုင်းမယ်ဆိုတော့ သူတို့က လုပ်ငန်းခွင်ထဲက သူဌေးမသိအောင် ကျနော်တို့ ဖုန်းလှမ်းခိုးဆက်ပြီး အသိလှမ်းပေးတယ်။ အဲဒါနဲ့ အဲ့အလုပ်ထဲက ပွဲစားကို သွားပြောတယ်။ ကလေးတွေကို မွန်မတယောက် ကူညီမှ လမ်းဘေးမှာ မအိပ်ရတာ။ တောထဲမှာ မအိပ်ရတဲ့ပုံစံမျိုး ဖြစ်တာ။ နို့မို့ဆိုရင် ကလေးတွေ တော်တော်ဒုက္ခရောက်မှာဗျ” လို့ ပြောပါတယ်။

အဲဒီလုပ်ငန်းခွင်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အလုပ်သမားက အမျိုးသား အယောက် ၂၀၊ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၂၃ ယောက်ဖြစ်ပြီး အဲဒီထဲက တချို့တဝက်ကလည်း ပွဲစားပေးထားတဲ့အခန်းမှာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အလုပ်သမား ကူညီပေးတဲ့ အဖွဲ့တွေကတော့ ပွဲစားတွေနဲ့ အလုပ်စမတ်တာ၊ ဘတ်ရိုက်တာတို့ ဆိုရင် ပွဲစားဆီက ဘဏ်နံပါတ်၊ ပတ်စ်ပို့ စတဲ့အချက်အလက်တွေ တောင်းခံထားပြီး လိမ်ညာခံရပါက အထောက်အထား စုံစုံလင်လင်နဲ့ အမှုဖွင့် တိုင်ကြားနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် အောက်လမ်းကနေ အထောက်အထားမဲ့ ဝင်ရောက်ခဲ့စဉ် တယောက်ကို ဘတ် ၁၆,၀၀၀ ဝန်းကျင် ပေးရကြောင်း၊ တာချီလိတ် နယ်စပ်ကတဆင့် ရောက်ရှိလာခဲ့ကာ ထိုင်းအစိုးရက လုပ်ပေးမယ့် ပန်းရောင်ကတ် (အထောက်အထား) ကို စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013