ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်လေဆိပ်မှာ ဩဂုတ် ၃ ရက် ညက လေဆိပ်မျက်နှာကြက် ပြိုကျပြီး နိုင်ငံခြားသွားခရီးသွားဧည့်သည် ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ခရီးသည်တွေဟာ ချင်းမိုင်လေဆိပ်မှ ထွက်ခွာဖို့ ပစ္စည်းစစ်ဆေးတာကို စောင့်ဆိုင်းနေစဉ် ည ၇ နာရီ ၅၅ မိနစ်အချိန်မှာ မျက်နှာကြက် ပြုတ်ကျလာတာဖြစ်ပြီး နယ်သာလန်နိုင်ငံသားနဲ့ တရုတ်နိုင်ငံသား ခရီးသည် ၂ ဦး ဒဏ်ရာရခဲ့တာပါ။
နယ်သာလန်နိုင်ငံသား ယောကျ်ားလေးတဦးက လက်ဖမိုးမှာဒဏ်ရာရပြီး တရုတ်နိုင်ငံသားကတော့ ဦးခေါင်းမှာဒဏ်ရာရသွားလို့ လေဆိပ်ကျန်းမာရေးဌာနက ရှေးဦးသူနာပြုစုပေးပြီး ချင်းမိုင်ပုဂ္ဂလိကဆေးရုံကို ပို့ပေးခဲ့တယ်။
နယ်သာလန်နိုင်ငံသားကတော့ ဒဏ်ရာမပြင်းတဲ့အတွက် အဲဒီညမှာဘဲ ဒွန်းမောင်းလေဆိပ်ကို ခရီးထွက်ခွာသွားခဲ့ပြီး တရုတ်ခရီးသွားကတော့ ဒဏ်ရာ ၅ ချက်ချုပ်လိုက်ရပြီးနောက်တော့ ဟတ်ယိုင်လေဆိပ်ကို ဆက်လက်ထွက်ခွါသွားပြီလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဖိုးဝါးခနဲ့ နစ်နာကြေးတွေကို လေဆိပ်က စီစဉ်ပေးအပ်ပြီး လေဆိပ်ညွှန်ကြားရေးမှူး လေတပ်ဗိုလ်မှူး ရုန်းကွဏ်းချလိုမ်ဆိုင်ယားကွဏ်းက ခရီးသည်တွေ အနာတရဖြစ်ရလို့ စိတ်မကောင်းကြောင်းနဲ့ မတော်တဆဖြစ်စဉ်အတွက် တောင်းပန်ကြောင်းပြောကြားခဲ့ပါတယ်။
ကနဦးစစ်ဆေးချက်အရာ အဆိုပါမျက်နှာကြက်ပေါ်မှာ လေအေး စက်ပိုက်လုံးရှိပြီး စက်ကရေတွေရော၊ မိုးရေတွေပါ အိုင်ထွန်းလာတာကြောင့် ရေရဲ့အလေးချိန်ကို မခံနိုင်ဘဲ ပြုတ်ကျလာတာလို့ ဆိုပါတယ်။
ဩဂုတ် ၄ ရက်မှာ လေဆိပ်ကို ချင်းမိုင်ခရိုင်ဝန် နိုင်းနိရတ်ဖုန်းဆစ် ထိထာဝွန်းက လာရောက်စစ်ဆေးချိန်မှာ မျက်နှာကြက်ပြန်လည်ပြင်ဆင်ပြီးတာကို တွေ့ရတယ်။
ဒီဖြစ်ရပ်ဟာ လေကြောင်းလိုင်းခရီးသည်တွေကို ယုံကြည်မှုလျော့နည်းစေသလို ခရီးသွားလုပ်ငန်း ပုံရိပ်လည်း ထိခိုက်စေလို့ နောက်နောင်အလားတူဖြစ်ရပ်မျိုးမဖြစ်စေဖို့ လေဆိပ်မျက်နှာကြက် အားလုံး တလက်မ မကျန် ပြန်လည်စစ်ဆေးပြီး ချို့ယွင်းချက်ရှိက ချက်ချင်း ပြုပြင်ဖို့ မှာကြားသွားတယ်လို့ PBS ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: ThaiPBS / Thairath