Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် အလုပ်သမားနှိမ်နင်းရေးစီမံချက် ၂ လအတွင်း မြန်မာ ၇၀၀ ကျော် အရေးယူခံရ  
DVB
·
August 7, 2024

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားနှိမ်နင်းရေးကို စီမံချက်နဲ့ ၂ လအတွင်း နိုင်ငံခြားသား ၁ သိန်းခွဲကျော် စစ်ဆေးခဲ့ရာမှာ ဥပဒေနဲ့မညီညွတ်သူ ၁၁၇၉  ဦးကို အရေးယူခဲ့ပြီး မြန်မာနိုင်ငံသား ၇၀၀ ကျော်နဲ့ အများဆုံးပါဝင်တယ်လို့ အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေရရှိဖို့ တရားဝင်ဥပဒေဘောင်တွင်း ဝင်ရောက် လုပ်ကိုင်ဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် အလုပ်သမားဥပဒေကို တင်းကျပ်စွာကိုင်တွယ်ပြီး တရားမဝင်အလုပ်သမားတွေကို စီမံချက်နဲ့ စစ်ဆေးနှိမ်နင်းနေတယ်လို့ အလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး နိုင်းဆုမ်ချိုင်း မောရကွတ်ဆီဝမ်းက ပြောပါတယ်။ 

အဆိုပါစီမံချက်ကို “တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့” လို့ အမည်ပေးထားပြီး ပြီးခဲ့တဲ့ ဇွန် ၅ ရက်မှ စတင်ကာ ရက်ပေါင်း ၁၂၀ ထိ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

စီမံချက်ဆောင်ရွက်ခဲ့တဲ့ကာလ ဇွန် ၅ ရက်မှ ဩဂုတ် ၁ ရက်ထိ ၅၇ ရက်အတွင်း နေရာပေါင်း ၁၂, ၉၈၃ နေရာမှ နိုင်ငံခြားအလုပ်သမားပေါင်း ၁၆၂, ၁၃၀ ဦးကို စစ်ဆေးခဲ့တယ်၊ အဲဒီထဲမှာ မြန်မာ ၁၂၁, ၂၈၅ ဦး၊ ကမ္ဘောဒီးယား ၂၄, ၄၈၄ ဦး၊ လာအို ၁၀, ၇၆၉ ဦး၊ ဗီယက်နမ် ၁၀၄ ဦးနဲ့ အခြားနိုင်ငံသား ၅, ၅၁၆ ဦး ပါဝင်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အဲဒီထဲမှာ ဥပဒေနဲ့မညီညွတ်တဲ့ နေရာပေါင်း ၄၃၈ နေရာက အလုပ်သမားပေါင်း ၁၁၇၉ ဦးကို အရေးယူခဲ့တယ်။  အရေးယူခံရတဲ့ထဲမှာ မြန်မာ ၇၂၄ ဦး၊ ကမ္ဘောဒီးယား ၁၉၀ ဦး၊ လာအို ၁၆၂ ဦး၊ ဗီယက်နမ် ၂၂ ဦး နဲ့ အခြားနိုင်ငံသား ၈၁ ဦး ပါဝင်တယ်လို့  ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ  ခွင့်ပြုချက်မရဘဲ (အလုပ်သမားမှတ်ပုံမတင်ဘဲ) အလုပ်ဝင်လုပ်ပါက ၁ ဦးလျှင် ဒဏ်ငွေ အနည်းဆုံး ဘတ် ၅, ၀၀၀ မှ ၅၀,၀၀၀ ထိ ပေးဆောင်ရမှာဖြစ်ပြီး နေရပ်ပြန်ပို့ခံရမယ်၊ ဒါ့အပြင် ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်ခွင့် ၂ နှစ်ထိ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ 

အလုပ်ရှင်အနေနဲ့ တရားမဝင်အလုပ်သမားကို ငှားရမ်းခန့်ထားပါက အလုပ်သမား ၁ ဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁၀, ၀၀၀ မှ ၁၀၀, ၀၀၀ ထိ ‌ပေးဆောင်ရမှာဖြစ်တယ်၊ ၁ နှစ်အတွင်း ထပ်မံချိုးဖောက်ပါက အလုပ်သမားတဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၅၀, ၀၀၀ မှ ၂၀၀, ၀၀၀ ထိ ပေးဆောင်ရမှာဖြစ်တဲ့အပြင် နိုင်ငံခြားအလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ် ။ 

တရားမဝင် အလုပ်သမား ငှားရမ်းတာ၊ တရားမဝင် ဝင်ရောက်လုပ်ကိုင်တာ၊ ဥပ‌ဒေက ခွင့်ပြုတဲ့ဘောင်ကို ချိုးဖောက်လုပ်ကိုင်တာ တွေ့ရှိပါက ဗဟိုအလုပ်သမားရှာဖွေခန့်ထားရေးရုံး ဖုန်းနံပါတ် ၀၂၃၅၄၁၇၂၉ နဲ့ အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုန်းနံပါတ် ၁၅၀၆ လိုင်းခွဲ ၂ ဒါမှမဟုတ် အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန အရေးပေါ်ဖုန်းနံပါတ် ၁၅၀၆ တို့ကို ဆက်သွယ် သတင်းပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ကိုးကား -  ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ထုတ်ပြန်ချက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013