အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပြင်းထန်လာတာကြောင့် လက်ဘနွန်နဲ့ အစ္စရေးရှိ သူ့နိုင်ငံသားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၆ ရက်မှာ ပြင်းပြင်းထန်ထန် အကြံပြုခဲ့ပါတယ်။
မကြာသေးခင်က အရှေ့အလယ်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ခရီးသွားသတိပေးချက် အဆင့် ၃ ထုတ်ပြန်ထားပြီးတော့ အစ္စရေးနဲ့ လက်ဘနွန်မှာ နေထိုင်တဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာဖို့ တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် အကြံပြုထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဂျယ်ဝန်းက ပြောပါတယ်။
အဲဒီနေ့နှောင်းပိုင်းမှာ တောင်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေကို သြဂုတ် ၇ ရက်က စတင်ပြီး အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်ဒေသတွေဆီကို ခရီးသွားလာမှု တားမြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီရန်မဟာမိတ် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာ တပ်မှူးတဦးနဲ့ ဂါဇာကမ်းမြောင်ကို စီမံခန့်ခွဲတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တဦးတို့ အသတ်ခံရပြီးနောက်မှာ ဒီခရီးသွားအကြံပေးချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဂျယ်ဝန်းက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး ဆွေးနွေးမှုတွေလိုမျိုး တင်းမာမှုတွေကို လျှော့ချမယ့် သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို မရပ်တန့်သွားစေဖို့ ပါတီအားလုံးကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားပါတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ လူအသေအပျောက်များတဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ဟစ်ဇ်ဘိုလာနဲ့ ဟားမတ်စ် တို့က ခေါင်းဆောင်တွေ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
Source-Reuters