Home
နိုင်ငံတကာ
ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံခံရမှုအတွက် အစ္စရေးကို အီရန် တုံ့ပြန်မည်၊ လက်ဘနွန်မှ ထွက်ခွာကြရန် တိုက်တွန်း 
DVB
·
August 5, 2024
Photo - Reuters

ဟားမတ်စ် ပေါ်လစ်ဗျူရို စစ်ဦးစီးချုပ် အစ္စမေးလ် ဟာနီယာ့ လုပ်ကြံခံရမှုအတွက် အစ္စရေးအပေါ် နိုင်ငံရေးနဲ့ စစ်ရေးနည်းလမ်းတွေ ပေါင်းစပ် လက်တုံ့ပြန်မှာဖြစ်ပြီး ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်လိမ့်မယ်လို့ အီရန်နိုင်ငံရေး လေ့လာသုံးသပ်သူတဦးကို ကိုးကားပြီး CCTV သတင်းမှာ ဖော်ပြပါတယ်။

တီဟီရန်မြို့တော်မှာ စနေနေ့က တရုတ်အစိုးရပိုင် CCTV ရုပ်သံနဲ့ အင်တာဗျူးမှာ အီရန် နိုင်ငံရေးလေ့လာသုံးသပ်သူ ဟူစိန် ခါနာနီ မူဂတ်ဒမ်က ခုလိုပြောလိုက်တာပါ။

ဟာနီယာ့နဲ့ သူ့ရဲ့ကိုယ်ရံတော်တွေဟာ အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်မှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက သူတို့ရဲ့နေအိမ်ကို ဝင်တိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့တာပါ။ တိုက်ခိုက်မှုကို အစ္စရေးက ကြိုးကိုင်နေတယ်လို့ အီရန်က စွပ်စွဲခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။

အစ္စရေးက ဟာနီယာ့ကို အီရန်မှာ လုပ်ကြံသတ်ဖြတ်မှုဟာ အစ္စရေးပြည်တွင်းပဋိပက္ခတွေကို အာရုံလွှဲဖို့ အကျပ်အတည်းအသစ် ဖန်တီးဖို့ ရည်ရွယ်လုပ်ဆောင်တာလို့လည်း မူဂတ်ဒမ်က ပြောပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအသစ် စတင်ချိန်ကစပြီး အစ္စရေးဟာ ပြည်တွင်းမှာ အကျပ်အတည်းနဲ့ နိုင်ငံတကာဇာတ်ခုံမှာ အထီးကျန်ဖြစ်နေခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းနဲ့ အစောပိုင်း အကျပ်အတည်းကနေ သူ့ကိုယ်သူ ကယ်တင်ဖို့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တာလို့ မူဂတ်ဒမ်က ပြောပါတယ်။

အစ္စရေးနဲ့ဆက်ဆံမယ့် အီရန်ရဲ့ အစီအစဉ်က ကျယ်ကျယ်ပြန့်ပြန့် အဆင့်ဆင့် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး နောက်ဆုံးကတော့ စစ်ရေးအရ အရေးယူမှာပါ။ ဒါက ဒေသတွင်း တင်းမာမှုတွေ တိုးလာနိုင်ပါတယ်။

အီရန်က အစ္စရေးကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ဆိုက်ဘာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အီလက်ထရွန်းနစ် စစ်ပွဲတွေနဲ့ ခုခံရေး ရှေ့တန်းနဲ့ ညှိနှိုင်းပြီး အစ္စရေးရဲ့ နောက်ထပ် လုပ်ဆောင်ချက်တွေကို ဖျက်ဆီးဖို့ ကြိုးစားသွားလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဟာနီယာ့ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုဟာ အီရန်ရဲ့ အနီရောင်မျဉ်းကို ဖြတ်ကျော်တာ ဖြစ်လို့ လက်တုံ့ပြန်ဖို့ အရေးကြီးတယ်လို့ အီရန်လေ့လာသူတချို့က ယုံကြည်ကြပါတယ်။

အီရန်ကို မကြာမကြာ ရန်စတာတွေကို တားဆီးဖို့ အစ္စရေးနိုင်ငံကို လက်တုံ့ပြန်တဲ့ လုပ်ရပ်တွေကနေမှတဆင့် အီရန်နိုင်ငံကို စစ်ရေးအရ ဟန့်တားနိုင်စေဖို့ ကူညီပေးနိုင်တဲ့အတွက် အီရန်အနေနဲ့ ကောင်းကောင်း ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။

ဒါမှသာ ဒေသတွင်း ပဋိပက္ခတွေ ထိန်းမနိုင်သိမ်းမရ အခြေအနေ ပိုတိုးလာနိုင်မယ့် အဖြစ်ထဲမှာ တိုက်ရိုက်ပါအောင် အစ္စရေးက ထောင်ထားတဲ့ ထောင်ချောက်ထဲ ကျမယ့်ဘေးကနေ ရှောင်နိုင်မယ်လို့လည်း သူတို့က ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုတွေ တိုးလာလို့ ကမ္ဘာ့နိုင်ငံတွေအသီးသီဂက သူတို့နိုင်ငံသားတွေ လက်ဘနွန်နိုင်ငံထဲကနေ ထွက်ဖို့ တောင်းဆိုနေကြပါတယ်။

ဒါကြောင့် လက်ဘနွန်မြို့တော် ဘေရွတ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ခရီးသည်တွေ သြဂုတ် ၄ ရက်က စုပြုံ ရောက်လာခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာ ဂျော်ဒန်၊ တူရကီ၊ ပြင်သစ်နဲ့ အီတလီတို့က အရှေ့အလယ်ပိုင်းမှာ စစ်ရေးအန္တရာယ် တိုးလာလို့ လက်ဘနွန်နိုင်ငံထဲက သူတို့နိုင်ငံသားတွေကို နိုင်ငံထဲကနေ ထွက်ခွာကြဖို့ ခရီးသွားအကြံပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က သူတို့နိုင်ငံသားတွေကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့ လက်ဘနွန်နိုင်ငံထဲကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပြီးပါပြီ။

ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ လုပ်ကြံသတ်ဖြတ်ခံရ ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသထဲမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်း စစ်ဦးစီးချုပ် ဖှူအက်ခ် ရှုခါကို ဘေရွတ်မြို့တော်မှာ အစ္စရေးက လုပ်ကြံတိုက်ခိုက်မှုအပြီး တရက်အကြာ အီရန်သမ္မတ ကျမ်းကျိန်ပွဲ တက်လာတဲ့ ဟားမတ်စ်ခေါင်းဆောင်ကို အစ္စရေးက လုပ်ကြံခဲ့တာပါ။

လေကြောင်းလိုင်းတွေကလည်း ဒေသတွင်း ပဋိပက္ခဖြစ်နိုင်ချေကို စိုးရိမ်မှု ကြီးထွားလာနေလို့ အီရန်နဲ့ လက်ဘနွန် လေပိုင်နက်တွေကို ရှောင်ပြီး အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံတို့ဆီ ပျံသန်းမယ့် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024