Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အဓိကသူလျှို သေဆုံး
DVB
·
August 5, 2024
Photo - Reuters

လက်ဘနွန်တောင်ပိုင်း၊ ဘာဇိုရီယာမြို့မှာ စနေမနက်က အစ္စရေး မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရလို့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထင်ရှားတဲ့ သူလျှို စစ်ဆင်ရေးသမား အလီ အက်ဘ်ဒယ် အလီ သေဆုံးခဲ့ပါတယ်။

သူဟာ လက်ဘနွန်တောင်ပိုင်း လှုပ်ရှားမှုတွေအတွက် တာဝန်ရှိပြီး ဒေသဆိုင်ရာ ကွပ်ကဲရေးမှူးနဲ့ ညီမျှတဲ့ ဟစ်ဇ်ဘိုလာ တောင်ပိုင်းတပ်က အဓိက အကြမ်းဖက်သမားလို့ အစ္စရေးစစ်တပ်က ဖော်ပြခဲ့ပါတယ်။

တခြားလူ ၂ ဦး ဒဏ်ရာရတယ်လို့ လက်ဘနွန်မီဒီယာက ဖော်ပြတဲ့ တိုက်ခိုက်မှုအတွင်း အလီ သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုခဲ့ပါတယ်။

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ညလုံးပေါက် ဒုံးကျည်အစင်း ၅၀ လောက်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အစ္စရေးမီဒီယာက ဖော်ပြပါတယ်။

အွန်လိုင်းဗီဒီယိုထဲမှာ အစ္စရေးရဲ့ အိုင်းယွန်းဒုံးမ် ဒုံးကျည်ကာကွယ်ရေးစနစ်က အစ္စရေးမြောက်ပိုင်း ဝေဟင်ဆီ ဝင်လာတဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ် ဟန့်တားနေပုံကို ပြသခဲ့ပါတယ်။

ကာဖာကီလာနဲ့ ဒီယာ ဆာရီယန် ရွာတွေကို တိုက်ခိုက်တာနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတာတွေအတွက် တုံ့ပြန်တာလို့ ဟစ်ဇ်ဘိုလာတွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်း ဒီယာ ဆာရီယံရွာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ဘနွန် လေပိုင်နက်အတွင်း ညလုံးပေါက် ပျံသန်းနေတဲ့ အစ္စရေးတိုက်လေယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တစင်း ပစ်လွှတ် ဟန့်တားခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။

သူတို့တပ်ဖွဲ့တွေက အစ္စရေးမြောက်ပိုင်းက စစ်ဘက်ဆိုင်ရာ နေရာတွေကို အမြောက်နဲ့ ဒုံးကျည် ၂ စင်းသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ကတည်းက နေ့စဉ် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေကြောင့် လက်ဘနွန်မှာ လူ ၅၄၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုက တိုက်ခိုက်ရေးသမားတွေ သာမက အရပ်သား ၁၁၄ ဦး ပါတယ်လို့ AFP သတင်းဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးဘက်ကတော့ သိမ်းယူထားတဲ့ ဂိုလန်ကုန်းမြင့် အပါအဝင် ဒေသတွင်းမှာ လူပေါင်း ၄၇ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၄ ရက်က အစ္စရေးနိုင်ငံအတွင်းမှာ ပါလက်စတိုင်းသားတဦး ဓားနဲ့လိုက်ထိုးလို့ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို ကျူးလွန်သူကိုလည်း ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

တဲလ်အဗစ်မြို့ အပြင်ဘက်က ဟိုလွန်မြို့မှာ မနက်ပိုင်း လူစည်ကားတဲ့အချိန် ဓားထိုးမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်သူဟာ ဆီဆိုင်နဲ့ ဥယျာဉ်တခုနားမှာ တွေ့တဲ့သူကို လိုက်ထိုးခဲ့တာပါ။

သက်ကြီးရွယ်အို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တဖက်မှာလည်း  ဩဂုတ် ၃ ရက်က ဂါဇာကမ်းမြောင်၊ ဂါဇာစီးတီးက ဒုက္ခသည်ခိုလှုံရာအဖြစ် ပြောင်းထားတဲ့ စာသင်ကျောင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်လို့ လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၁ ဦးဒဏ်ရာရတယ်လို့ ဂါဇာကျန်းမာရေးဌာနက သြဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အစ္စရေးကတော့ ဟားမတ်စ် ထိန်းချုပ်ရေးစင်တာတခုကို တိုက်ခိုက်တယ်လို့ပဲ ပြောပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားအများစု အပါအဝင် လူ ၁,၂၀၀ သေဆုံးခဲ့ရပြီးဖြစ်သလို လူ ၂၅၀ ဝန်းကျင်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။

တဖက်မှာတော့ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကြောင့် ပါလက်စတိုင်းသား ၄၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေး ထုတ်ပြန်မှုအရတော့ စစ်သွေးကြွ ၁၄,၀၀၀ နီးပါးကို ချေမှုန်းထားတယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်ကြောင့် ဂါဇာဒေသခံ ၂ ဒသမ ၃ သန်းမှာ အများစုက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ကမ်းမြောင်တခုလုံး အကြီးအကျယ် ပျက်စီးသွားပြီ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013