Home
နိုင်ငံတကာ
ယူကရိန်း မောင်းသူမဲ့လေယာဉ် အစီး ၁၄၀ ကို ရုရှား ပစ်ချ၊ ရုရှားရေငုပ်သင်္ဘောကို ယူကရိန်း နှစ်မြုပ်
DVB
·
August 5, 2024
Photo - Reuters

ရုရှားတပ်တွေက ယူကရိန်းစစ်တပ် ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်း မောင်းသူမဲ့လေယာဉ် အစီး ၁၄၀ ကို ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်က စနေနေ့မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံကလည်း ရုရှား လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ကို ပစ်ခတ်ဖျက်ဆီးပြီး ရုရှားရေငုပ်သင်္ဘောကို နှစ်မြုပ်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ယူကရိန်းတင့်ကားတွေ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ ဟောင်ဝစ်ဇာတွေ၊ တခြား စစ်လက်နက်ပစ္စည်းတွေနဲ့ အဆောက်အဦတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်တဲ့ နေ့စဉ်အစီရင်ခံစာမှာ ပြောပါတယ်။

ရုရှား နည်းဗျူဟာလေကြောင်းတပ်ဖွဲ့၊ ဒုံးကျည်တပ်ဖွဲ့နဲ့ အမြောက်တပ်ဖွဲ့တွေဟာ ရေဒါစခန်းတွေ အပါအဝင် ယူကရိန်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို ထိမှန်အောင် တိုက်ခိုက်ခဲ့ပြီး ရုရှားလေတပ်က ယူကရိန်း မောင်းသူမဲ့လေယာဉ် အစီး ၁၄၀ ကို ပစ်ချခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ယူကရိန်း ဒုံးကျည်တပ်ဖွဲ့ကနေ ပေးတဲ့ အချက်အလက်တွေအရ ယူကရိန်းစစ်တပ်ဟာ ခရိုင်းမီးယားဒေသက ရုရှား လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် S-400 ကို ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး လောင်ချာ ၄ စင်း အပြင်းအထန် ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

ခရိုင်းမီယားဒေသ ဆိပ်ကမ်းတခုမှာ ဆိုက်ကပ်ထားတဲ့ ရုရှားရေငုပ်သင်္ဘောတစင်းကို နှစ်မြုပ်ပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ဒါဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းထားတဲ့ ရုရှားအတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။

ရော့စတော့ဗ်-အွန်-ဒွန် သင်္ဘောဟာ ဆီဗက်စတိုပေါလ် ဆိပ်ကမ်းမှာ ရှိနေချိန် ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ သင်္ဘောဟာ ထိမှန်မှန်ချင်းပဲ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ပင်လယ်နက်ရေတပ်က သင်္ဘော သုံးပုံတပုံကို ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ အရင်ကလည်း ထုတ်ပြန်ထားခဲ့ပါတယ်။

အခုနောက်ဆုံး တိုက်ခိုက်ခံရမှုနဲ့ ရုရှားဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ရုရှားရေငုပ်သင်္ဘော နစ်မြုပ်သွားတာဟာ ပင်လယ်နက်၊ ယူကရိန်းရေပြင်ထဲမှာ ဘယ်ရုရှားစစ်သင်္ဘောမှ မလုံခြုံဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။

ရုရှားစစ်ဘက်ဘလော့ဂါ ဘောရစ် ရော့ဇင်ကတော့ အဆိုပါရေငုပ်သင်္ဘော ဆိုက်ကပ်ထားတဲ့ သင်္ဘောကျင်းကို ထိမှန်ခဲ့တယ်ဆိုတာ အတည်ပြုထားပါတယ်။

၂၀၁၄ က ရေချတဲ့ ရော့စတော့ဗ်-အွန်-ဒွန် ရေငုပ်သင်္ဘောဟာ ၂၄၂ ပေရှည်တဲ့ Kilo II အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး သင်္ဘောသား ၄၂ ဦး တင်ဆောင်နိုင်ပါတယ်။

ဒီဇယ်နဲ့ လျှပ်စစ် နှစ်မျိုးသုံးရေငုပ်သင်္ဘောဟာ ကာလီဘာ ပဲ့ထိန်းဒုံးကျည်တွေ သယ်ဆောင်နိုင်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013