Home
နိုင်ငံတကာ
အမေရိကန်သတင်းထောက် ၂ ဦး အပါအဝင် အကျဉ်းသား ၁၂ ဦးကို ရုရှား ပြန်လွှတ်ပေး
DVB
·
August 2, 2024
Photo-Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန် အကျဉ်းသား ၃ ဦး အပါအဝင် အနောက်နိုင်ငံတွေက အကျဉ်းသား ၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ကရင်မလင်နန်းတော်က ဩဂုတ် ၁ ရက်မှာ ကြေညာပါတယ်။

စစ်အေးခေတ် တိုက်ပွဲတွေပြီးချိန်ကတည်းက အကြီးမားဆုံး ကမ္ဘာ့အရှေ့-အနောက် အကျဉ်းသားလဲလှယ်မှု တစိတ်တပိုင်းအဖြစ် နိုင်ငံခြားတိုင်းပြည်တွေရှိ ရုရှားအကျဉ်းသားတွေနဲ့ အလဲအလှယ်ပြုလုပ်လိုက်တာပါ။

ဒီဆုံးဖြတ်ချက်ဟာ အနောက်နိုင်ငံတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ ထောင်ချခံနေရသူတွေကို ပြည်တော်ပြန်နိုင်ကြစေဖို့ ရည်ရွယ်ပြီး အမိန့်ကြေညာချက်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဟာ တနှစ်ကျော်ကြာ လျှို့ဝှက်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ သဘောတူညီမှုတခုလို့လည်း ဆိုပါတယ်။

ဒီအကျဉ်းသားဖလှယ်ရေးအတွက် တူရကီနိုင်ငံက ကြားဝင်ဆောင်ရွက်ခဲ့ပြီး ကလေး ၂ ဦး အပါအဝင် လူ ၁၀ ဦးကို ရုရှားနိုင်ငံကို ပို့ဆောင်ပေးထားကြောင်း တူရကီက ပြောပါတယ်။

ဒီအစီအစဉ်မှာ အမေရိကန်၊ ဂျာမန်၊ ပိုလန်၊ ဆလိုဗေးနီးယား၊ နော်ဝေနဲ့ ဘီလာရုစ်တို့ ပါဝင်ပြီး သူတို့နိုင်ငံတွေမှာ ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ ရုရှားနိုင်ငံသားတွေနဲ့ ရုရှားနိုင်ငံမှာ အကျဉ်းကျ ဖမ်းဆီးခံထားရတဲ့ သူတို့နိုင်ငံသားတွေနဲ့ ပြန်လဲလှယ်ခဲ့တာပါ။

ပြန်လွတ်လာတဲ့ အမေရိကန် ၃ ဦးဟာ ဝေါလ်စထရိဂျာနယ် သတင်းထောက် အီဗန်ဂါရ်ကိုဗစ်ချ်၊ အမေရိကန် မရိန်းတပ်သားဟောင်း ပေါလ်ဝှေလန်နဲ့ အမေရိကန်ထောက်ပံ့တဲ့ ရေဒီယို-ဖရီး-ယူရုပ်မှ ရုရှား-အမေရိကန် သတင်းထောက် အာလ်ဆူ ကူရ်မာရှယ်ဗာတို့ ပါဝင်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီအကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို “သံတမန်ရေးနဲ့ ခင်မင်ရင်းနှီးမှုဆိုင်ရာ လုပ်ရပ်” အဖြစ် ချီးကျူးခဲ့ပြီး ဝါရှင်တန်ရဲ့ မဟာမိတ်တွေကိုလည်း သူတို့ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေအတွက် ချီးကျူးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013