မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက အရေးပေါ်ကာလသက်တမ်းထပ်တိုးလိုက်တာဟာ စစ်အုပ်ချုပ်ရေးကို အပြင်းအထန် ဆက်လက်ဆန့်ကျင်နေတဲ့ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒရည်မှန်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ အရေးပေါ် အခြေအနေ သက်တမ်းတိုးမှုအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက ဇူလိုင် ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းတဲ့၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူတွေပါဝင်တဲ့ ဒီမိုကရေစီနည်းကျ အနာဂတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာမှာ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုဖို့ စစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့လည်း တောင်းဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ အကျပ်အတည်းကို တာရှည်စေပြီး လတ်တလောမှာတော့ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံဖို့ အကာအကွယ် တောင်းခံရမှုတွေနဲ့အတူ ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေကြရတာ၊ သန်းပေါင်းများစွာသော ပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်လာစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေဖို့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေက ဆက်လက် အားပေးထောက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဇူလိုင် ၃၁ ရက်မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံတဝန်း တည်ငြိမ်မှုလိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်သက်တမ်း ၆ လထပ်တိုးခဲ့တာပါ။
စစ်အာဏာသိမ်းပြီးကတည်းက ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ကိုသုံးပြီး ဖွဲ့စည်းပုံ အခြေဥပဒေနဲ့အညီ သက်တမ်းတိုးလာတာ အခုတကြိမ်နဲ့ဆို ၆ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
Photo-Reuters