အရှေ့အလယ်ပိုင်းမှာ ပိုကျယ်ပြန့်လာတဲ့စစ်ပွဲကို ရှောင်လွှဲမရနိုင်ဘူးလို့ မထင်မြင်ထားဘဲ ဒေသတွင်း တင်းမာမှုတွေ တိုးလာနေတာကို အေးစေဖို့ အမေရိကန်က ကြိုးပမ်းနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က ဇူလိုင် ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က “စစ်ပွဲဆိုတာ ရှောင်လွှဲလို့မရဘူး ဆိုပေမဲ့ သံခင်းတမန်ခင်းအတွက် နေရာနဲ့ အခွင့်အလမ်းတွေ အမြဲရှိနေတယ်လို့ ထင်မြင်ကြောင်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကလည်း အဲဒီအခွင့်အရေးတွေ နောက်ကို လိုက်လျှောက်ကြည့်ဖို့ လိုပါတယ်” လို့ ပြောသွားတာပါ။
အစ္စရေးနဲ့ မြောက်ပိုင်းနယ်စပ်တလျှောက်မှာ တွေ့ခဲ့ရတာတွေက အချိန်ကြာလာတာနဲ့အမျှ စိုးရိမ်စရာ ဖြစ်ခဲ့ရပြီး ဒေသတဝှမ်းမှာ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေအဖြစ် မပြောင်းလဲစေဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို အသေခံဗုံးခွဲတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ တာဝန်ရှိတဲ့ ဟစ်ဇ်ဘိုလာ တပ်မှူးကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးက ဇူလိုင် ၃၀ ရက်မှာ အခိုင်အမာ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့မှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ သေဆုံးခဲ့ရတဲ့ နောက်ထပ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းခံရပြီးနောက် အော်စ်တင်က သူ့မှာ နောက်ထပ် အချက်အလက်တွေ ပေးစရာမရှိသေးဘူးလို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခဖြစ်ရင် အမေရိကန်က ပံ့ပိုးပေးမယ့် အကူအညီနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အစ္စရေးသာ တိုက်ခိုက်ခံရရင်လည်း အမေရိကန်ဟာ အစ္စရေးကို ခုခံကာကွယ်မှုတွေ ဆက်ကူညီပေးသွားမှာဖြစ်ပေမဲ့ ဦးစားပေးကိစ္စကတော့ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ သံတမန်နည်းလမ်းတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ လွိုဒ် အော်စ်တင်က ပြောပါတယ်။
Source-Reuters