Home
ဆောင်းပါး
စစ်ရိပ်စစ်ငွေ့သန်းလာပြန်တဲ့ အီရန်နဲ့ အစ္စရေး
DVB
·
August 5, 2024
Design-DVB

စစ်ပွဲတွေရဲ့ သဘာဝက ကြာရင် သွေးအေးသွားတတ်ကြတာပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရုရှားတင့်ကားတွေ ယူကရိန်းနယ်မြေထဲ ဝင်သွားကြတော့ ယူကရိန်းစစ်ပွဲကြီးက ထိတ်လန့်စရာ ကမ္ဘာ့သတင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ တဖက်နဲ့တဖက် ဒုံးကျည်တွေ၊ အမြောက်တွေပစ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲ၊ မြို့တွေ ရွာတွေကို မီးရှို့တိုက်ခိုက်ကြလို့ မြို့ ရွာတွေ ပျက်စီး၊ လူအသေအပျောက် မြောက်မြားစွာနဲ့ စစ်ကြီးရဲ့အနိဋ္ဌာရုံသတင်းတွေကို တစ်နှစ်လောက် မပြတ် နေ့စဉ် မြင်တွေ့နေခဲ့ရတယ်။ စစ်ပွဲတာရှည်လာတဲ့အခါ ဘယ်သူ့ ဘယ်သူမှ အပြတ်မတိုက်ဘဲ ကမ္ဘာ့သတင်းစာမျက်နှာလည်း ဒီစစ်သတင်းက ငြီးငွေ့စရာ မထူးသတင်း ဖြစ်လာခဲ့တယ်။ တကယ်တော့ စစ်ကြီးက မပြီးသေးပါဘူး။

ယူကရိန်းစစ်ပွဲ စလို့ တစ်နှစ်ကျော်အကြာ ဂါဇာကမ်းမြောင်ဒေသမှာ နောက်ထပ် စစ်မီးတောက်သစ်တစ်ခု ဖြစ်လာပြန်တယ်။ ဟားမတ်စ်စစ်သွေးကြွတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနယ်မြေထဲ ဝင်ပြီး ဂီတပွဲတစ်ပွဲကို ဝင်ရောက်တိုက်ခိုက်ရာက လူပေါင်း ၁၂၀၀ ကျော် သေပြီး ၂၅၀ ကျော်ကို ဟားမတ်စ်တွေက ဓားစာခံအဖြစ် ဂါဇာနယ်မြေထဲ ဖမ်းခေါ်သွားခဲ့ကြတယ်။ အဲဒီက စလိုက်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်ပြောက်ကျားတွေရဲ့ ဂါဇာစစ်ပွဲဟာ ဒီနေ့အထိ မပြီးသေးသလို အရင်က လှလှပပ ပင်လယ်ကမ်းခြေနဲ့ ဂါဇာစီးတီးလည်း အစ္စရေးက ဗုံးကြဲလို့ စိစိညက်ညက်ကြေ၊ ကွန်ကရစ်ပုံကြီးဖြစ်ရုံမက အပြစ်မဲ့ ပါလက်စတိုင်းပြည်သူ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အို ကလေးသူငယ်၊ ဆရာဝန်၊ သူနာပြု အရပ်သားစုစုပေါင်း ၃၉,၅၅၀ သေဆုံးခဲ့ရပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

စစ်ကြီးက ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ မပြီးတဲ့အပြင် နောက်ထပ်စစ်ပွဲသစ်ကြီး တစ်ခုဖြစ်ဖို့ ထပ်မံ တာစူနေပြန်ပြီ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံ၊ တီဟီရန်မှာ ဟားမတ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယေး ဗုံးခွဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။ ဒီလုပ်ကြံသတ်ဖြတ်နဲ့ ပတ်သက်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က အစ္စရေးတွေရဲ့ လက်ချက်လို့ စွပ်စွဲတယ်။ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယေးဟာ အီရန်သမ္မတသစ် မာဆွတ် ပီဇက်ခီယန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ဖို့ တီဟီရန်ကို ရောက်နေတာဖြစ်တယ်။

သူ တည်းခိုနေကျ ဧည့်ရိပ်သာမှာ တည်ခိုနေရင်း ဗုံးခွဲခံရပြီး သေဆုံးသွားတာ ဖြစ်တယ်။ အစ္စမေး ဟာနီယေးနဲ့အတူ သက်တော်စောင့်တစ်ဦးလည်း ဗုံးခွဲခံရတဲ့အထဲ ပါသွားတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ကတော့ ၁၆ ပေါင်အလေးချိန်ရှိတဲ့ တာတိုပစ် ဒုံးကျည်နဲ့ ပစ်ခတ်ခံရပြီး ဧည့်ရိပ်သာတစ်ခုလုံး ပေါက်ကွဲသွားတာလို့ ဆိုတယ်။

ဒီထုတ်ပြန်ချက်က အနောက်မီဒီယာတွေရဲ့ သတင်းဖော်ပြချက်နဲ့ ကွဲလွဲနေတယ်။ အနောက်နိုင်ငံ မီဒီယာတွေက ဒီလုပ်ကြံမှုဟာ အစ္စရေးထောက်လှမ်းရေး(မော့ဆက်)ရဲ့ လက်ချက် ဖြစ်တယ်လို့ ဆိုတယ်။ မော့ဆက်အဖွဲ့ဝင်နှစ်ဦးက အစ္စမေးလ် တည်းခိုမယ့် အခန်းမှာ အသေအချာပြင်ဆင်ပြီး ဗုံးထောင်ထားခဲ့တာလို့ ဆိုတယ်။

လုံခြုံရေးအရ တင်းကျပ်ထားတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲနေ့မှာ ဖြစ်ခဲ့တာမို့ အီရန်အစိုးရနဲ့ IRGC အတွက် အတော်လေး အရှက်ရခဲ့ပြီး မခံမရပ်နိုင်ဖြစ်ခဲ့တယ်။ အစ္စရေးကတော့ သူတို့ လုပ်တယ်လို့ ဝန်မခံသေးဘူး။ ဒီ ဗုံးဖောက်ခွဲမှုဖြစ်စဉ်ကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် IRGC အရာရှိအတော်များများ ဖမ်းဆီးခံရပြီး စစ်ကြောမေးမြန်းခံနေရတယ်လို့ သိရတယ်။ အလားတူ ဟာနီယေး တည်းခိုခဲ့တဲ့ ဧည့်ရိပ်သာဝန်ထမ်းတွေရဲ့ တယ်လီဖုန်းနဲ့ ကွန်ပျူတာအားလုံးကို သိမ်းဆည်းပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုတယ်။

ဗုံးဖောက်ခွဲမှုဖြစ်စဉ်အပြီးမှာ အီရန်ခေါင်းဆောင်ပိုင်းတွေရဲ့ လုံခြုံရေးအစီအစဉ်တွေအားလုံး ပြန်ပြင်ခဲ့တယ်။ ဟာနီယေးရဲ့ ဈာပနအခမ်းအနားကို အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ တက်ရောက်လာပေမဲ့  ခဏပဲလာပြီး ချက်ချင်း ပြန်ထွက်သွားတယ်။

လန်ဒန် ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဟာနီယေးကို အစ္စရေးထောက်လှမ်းရေး(မော့ဆက်) အဖွဲ့ဝင်နှစ်ဦးက အခန်းထဲ ဗုံးထောင်ဖောက်ခွဲခဲ့တာလို့ ရေးတယ်။ အီရန်တာဝန်ရှိသူတွေက ဧည့်ရိပ်သာအခန်းထဲကို လူနှစ်ယောက် ဝင်သွားတာကို စီစီတီဗီမှာ တွေ့ခဲ့ရပြီး အဲဒီလူနှစ်ယောက် အီရန်နိုင်ငံပြင်ပရောက်မှ ဗုံးကို ဖောက်ခွဲခဲ့တာလို့ ဆိုတယ်။

နယူးယောက်တိုင်းမ်သတင်းစာကတော့ ဟာနီယေးဟာ အခန်းထဲမှာ ဗုံးဖောက်ခွဲခံရပြီး သေဆုံးသွားတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်လကတည်းက ဗုံးကို အခန်းထဲမှာ ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ရေးသားထားတယ်။

ဟားမတ်စ် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ ဟာနီယေးဟာ ၂၀၁၇ ခုနှစ်က စပြီး အီရန်ကို ၁၅ ခေါက် သွားရောက်ခဲ့ပြီး သွားရောက်တိုင်း အဲဒီ ဧည့်ရိပ်သာမှာပဲ တည်းခိုတယ်လို့ ဆိုတယ်။

ဒီဖြစ်ရပ်ကြောင့် အီရန်နဲ့ အစ္စရေးကြား တင်းမာမှုဟာ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်။  အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဟားမတ်စ်တို့က သူတို့ရဲ့ လက်တုံ့ပြန် ဒဏ်ခတ်မှုကို ရင်ဆိုင်ဖို့ အစ္စရေး အသင့်ပြင်ထားပါလို့ ကြိမ်းဝါးလိုက်တယ်။

အစ္စရေးဟာ ဒီနှစ်အစောပိုင်းက ဆီးရီးယား၊ ဒမတ်စ်ကပ်မှာရှိတဲ့ အီရန်တော်လှန်ရေးတပ်က ဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက်ရေဇာဇာဟီဒီကို လေကြောင်းက ဗုံးကြဲပြီး လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ဖူးတယ်။

အဲဒီတုန်းကလည်း အီရန်ဟာ ဒရုန်း ၁၇၀၊ ခရုဇ် ဒုံးကျည် ၃၀၊ တာဝေးပစ်ဒုံးပျံ ၁၁၀ နဲ့ အစ္စရေးကို လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်။

ခုလို အခြေအနေတွေ နောက်ထပ်တခါ တင်းမာလာနေချိန်မှာပဲ အမေရိကန်က လက်ဘနွန်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ မီရာ လေယာဉ်လက်မှတ်ဝယ်ပြီး အိမ်ပြန်လာခဲ့ကြဖို့ ဆော်ဩလိုက်သလို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကလည်း အရှေ့အလယ်ပိုင်းဒေသတွင်းအခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးလိုက်တယ်။

အီရန်ဟာ အစ္စရေးကို အပြင်းအထန်လက်တုံ့ပြန်သွားမယ်လို့ ကြိမ်းဝါးလိုက်ချိန်မှာပဲ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထပ်ပြီး ပို့ဆောင်လိုက်ပြီလို့ ဆိုတယ်။

စစ်ပွဲက အစ္စရေးမြောက်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့က စတင်လာနိုင်တယ်။ အီရန် ထောက်ခံအားပေးနေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေက လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးမြောက်ပိုင်းမှာ လှုပ်ရှားနေပြီး စနေနေ့ညကတော့ ဘိတ်ဟီလ်လယ်မြို့ကို ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်နေတာ တွေ့ရတယ်။

လေကြောင်းလိုင်းအတော်များများ လက်ဘနွန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့လည်း သိရတယ်။ 

ပြီးခဲ့တဲ့အပတ်က ဂါဇာက ဒုက္ခသည်တွေခိုလှုံနေတဲ့ စခန်းတစ်ခုမှာ ဘောလုံးကစားနေတုန်း အစ္စရေးတွေ ဒုံးကျည်နဲ့ ပစ်လို့ ကလေး ၁၇ ယောက် သေဆုံးခဲ့တယ်။ အစ္စရေးကတော့ အဲဒီနေရာဟာ စစ်သွေးကြွတွေခိုလှုံနေတဲ့ နေရာသာဖြစ်တယ်လို့ ပြောတယ်။

ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး တီဟီရန်မှာ ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခံလိုက်ရချိန်က စလို့ အီရန်နဲ့ အစ္စရေးကြား တင်းမာမှုဟာ အထွတ်အထိပ်ရောက်လာသလို အရှေ့အလယ်ပိုင်းမှာ စစ်ရိပ်စစ်ငွေ့တွေ ထပ်မံသန်းလာခဲ့ပြီ ဖြစ်တယ်။

အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကာရီ ကာနီနဲ့ အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်တို့ ဖုန်းပြောကြတော့ ဘော်ရဲလ်က အီရန်ဟာ တရားဝင် တုံ့ပြန်ခွင့် အခွင့်အရေးအရ အစ္စရေးကို အသေအချာ လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့သလို သောကြာနေ့က ထုတ်လွှင့်သွားတဲ့ အီရန်ရုပ်သံသတင်းမှာလည်း " ကမ္ဘာကြီးက မမြင်ဖူးတဲ့ မြင်ကွင်းတွေကို မြင်ရတော့မှာပါ" လို့ ပြောဆိုသွားခဲ့တယ်။

ကမ္ဘာကြီးမှာ စစ်ပွဲတွေ စခဲ့တယ်။ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးကြတယ်။ သူနိုင် ကိုယ်နိုင် တိုက်ကြတယ်။ မပြီးဆုံးသေးတဲ့ ဒေသတွင်းစစ်၊ ပြည်တွင်းစစ်တွေကြား နောက်ထပ် စစ်ပွဲသစ်တစ်ခု ပေါ်လာဦးမလား။ ကမ္ဘာကြီးဟာ နာတာရှည်စစ်ပွဲတွေကြား လူးလွန့်နေရဆဲပါ။

CWM

Ref: 

-US urges citizens to leave Lebanon on ‘any available ticket’

-Iran says Hamas leader killed from close range

-US to send jets and warships as Iran threatens Israel/  BBC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013