ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ (UNWRA) မှ ဝန်ထမ်း ၉ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ပါဝင်ကောင်းပါဝင်နိုင်တယ်ဆိုပြီး အလုပ်ထုတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂက သြဂုတ် ၅ ရက်မှာ ပြောပါတယ်။
ကုလလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖှာရန်ဟက်ခ်က“အဲဒီလူ ၉ ဦးဟာ အမျိုးသားဝန်ထမ်းတွေ ဖြစ်ကြပြီး အထောက်အထားတွေအရ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု ရှိနိုင်တယ်ဆိုတာကို ကောက်ချက်ချဖို့ လုံလောက်ပါတယ်”လို့ ကုလသမဂ္ဂ သတင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ UNRWA ဝန်ထမ်း ၁၉ ဦး ပါဝင်ပတ်သက်မှုအပေါ် စုံစမ်းစစ်ဆေးမှု ပြီးမြောက်ခဲ့ပြီး အဲဒီထဲက ၂ ဦးက သေဆုံးသွားပြီးဖြစ်ကြောင်း ကုလသမဂ္ဂပြည်တွင်း ကြီးကြပ်ရေးရုံးရဲ့ တွေ့ရှိချက်တွေကို ရည်ညွှန်း ပြောဆိုသွားတာပါ။
တနင်္လာနေ့ ကြေညာချက်မှာတော့ အဲဒီ ၉ ဦး ထုတ်ပယ်မှုကို အတည်ပြုခဲ့ကြောင်း ဟက်ခ်က ပြောကြားခဲ့ပေမဲ့ သူတို့တွေ ဘာတွေလုပ်ခဲ့လဲဆိုတာကို အသေးစိတ်တော့ မပြောခဲ့ပါဘူး။
ကျန်မှတ်တမ်းတွေကိုလည်း ပြန်လည်စစ်ဆေးသွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တာဟာ ပါလက်စတိုင်းပြည်သူတွေ ကိုယ်စားလုပ်ဆောင်သင့်တဲ့ အလုပ်တွေအပေါ်ကို ကြီးမားတဲ့သစ္စာဖောက်မှုပါပဲလို့လည်း ဆိုပါတယ်။
ဂါဇာစစ်ပွဲရဲ့အစ ဟားမတ်စ်ဦးဆောင်တဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုမှာ UNRWA ဝန်ထမ်း ၁၂ ဦး ပါဝင်ခဲ့တယ်လို့ အစ္စရေးက ဇန်နဝါရီမှာ စွဲချက်တင်ခဲ့ပြီးနောက်မှာ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။
မတ်လနဲ့ ဧပြီလတို့မှာလည်း နောက်ထပ်အမှုပေါင်း ၇ ခုကို ကုလသမဂ္ဂက အာရုံစိုက်ခဲ့ပါတယ်။ UNRWA ဝန်ထမ်း ၄၅၀ ကျော်ဟာ ဂါဇာရှိ စစ်သွေးကြွအဖွဲ့တွေထဲမှာ စစ်ဆင်ရေးတွေကို ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ မတ်လမှာ အစ္စရေးက စွပ်စွဲချက်ကို တိုးမြှင့်ခဲ့ပါတယ်။
UNRWA ဟာ သူ့ရဲ့လုပ်ငန်းလည်ပတ်မှုဧရိယာမှာ လူပေါင်း ၃၂,၀၀၀ ကို အလုပ်ခန့်ထားပြီး အဲဒီထဲက ၁၃,၀၀၀ မှာ ဂါဇာမှာ ရှိနေပါတယ်။
အစ္စရေး ထိန်းသိမ်းရေးစခန်းကနေ ဂါဇာကမ်းမြောင်ကို ပြန်လွတ်လာခဲ့တဲ့ ဝန်ထမ်းတချို့က သူတို့ကို အစ္စရေးက အေဂျင်စီဟာ ဟားမတ်စ်အဖွဲ့နဲ့ အချိန်အဆက်ရှိကြောင်းနဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမှားတွေ ထွက်ဆိုဖို့ကို အစ္စရေးအာဏာပိုင်တွေက ဖိအားပေးခဲ့တယ်လို့ UNRWA က မတ်လတုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source-Reuters