ဟားမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့ လုပ်ကြံခံရပြီးနောက် စစ်ဘက်အကြီးအကဲဖြစ်သူ မိုဟာမတ်ဒိဖ်ကိုပါ ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
ဇူလိုင် ၁၃ ရက်မှာ ခန်းယူနစ်မြို့က ဒိဖ် ရှိရာ အဆောက်အအုံကို လေကြောင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာ လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေထဲမှာ ဒိဖ်လည်း ပါဝင်တယ်လို့ ဖော်ပြထားပြီး ဟားမတ်စ်ဘက်ကတော့ ဒိဖ် သေဆုံးမှုကို အတည်ပြုခြင်းမရှိပါဘူး။
ဟားမတ်စ်ရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ယာယာဆင်ဝါပြီးရင် ဒိဖ်ဟာ ဂါဇာကမ်းမြောင်မှာ ဒုတိယရာထူးအကြီးဆုံးအဖြစ် ရှုမြင်ခံထားရသူပါ။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂယ်လန့်ကတော့ ဒိဖ်ရဲ့ သေဆုံးမှုဟာ ဟားမတ်စ်ကို ဖြိုဖျက်ရာမှာ အရေးပါတဲ့မှတ်တိုင်ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံရောက် ဟားမတ်စ်ရဲ့ သံတမန်ရေးပြယုဂ် အစ္စမေးလ် ယာနီယာ့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လုပ်ကြံခဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးအနေနဲ့ အတည်ပြုတာမျိုး မရှိသေးပါဘူး။
အစ္စရေးရဲ့ မော့ဆက် အေးဂျင့်တွေဟာ ဟာနီယာ့ တည်းခိုရာအိပ်ခန်းထဲ ဗုံးကို ကြိုတင်ထားရှိပြီး မနက် ၂ နာရီဝန်းကျင်မှာ အဝေးကနေ ထိန်းချုပ်ဖောက်ခွဲခဲ့တာ ဖြစ်ကြောင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အရင်ကတည်းက ဟာနီယာ့ အီရန်ရောက်တိုင်း အကြိမ်ကြိမ်နေထိုင်ခဲ့ဖူးတဲ့ ဒီတည်းခိုဆောင်ကို IRGC တော်လှန်ရေးအစောင့်တပ်အနေနဲ့ အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခင်းမဖြစ်ခင် ၂ လကတည်းက ဒီဖောက်ခွဲရေးပစ္စည်းကို ခိုးသွင်းထားတာ ဖြစ်တယ်လို့ နယူးယောက်ခ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ကြံမှုကြောင့် အစ္စရေးအပေါ် ဟားမတ်စ်ရဲ့ လက်တုံ့ပြန်မှုက ပြင်းထန်မယ်လို့ သတိပေးထားသလို ဒေသတွင်း စစ်ပွဲကြီး ဖြစ်လာမှာကိုလည်း မလိုလားကြောင်း ပြောထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ဖြစ်လာနိုင်တဲ့အရာတွေအတွက် အသင့်ပြင်ထားတယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
Source-Reuters