Home
နိုင်ငံတကာ
အစ္စရေးကို တိုက်ခိုက်ရန် အီရန်ခေါင်းဆောင် ခါမေနီ အမိန့်ပေး၊ စစ်ဖြစ်မည့်ဘေး တားဆီးရန် လုံခြုံရေးကောင်စီ တောင်းဆို
DVB
·
August 1, 2024
Photo - Reuters

အီရန်မှာရောက်နေတဲ့ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့ အသတ်ခံရတဲ့ကိစ္စအတွက် လက်စားချေတဲ့အနေနဲ့ အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်ဖို့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီက အမိန့်ပေးလိုက်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီချုပ် အရေးပေါ်အစည်းအဝေးမှာ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာလို့ သိရှိထားတဲ့ အီရန်တာဝန်ရှိသူ ၃ ဦးကို ကိုးကားပြီး ဖော်ပြတာဖြစ်ပါတယ်။

အီရန်မြို့တော် တီဟီရန်မှာ ဩဂုတ် ၁ ရက်က ကျင်းပတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယာ့ရဲ့ စျာပနမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ဆုတောင်းပွဲကို ခါမေနီ ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ပါတယ်။

အီရန်နဲ့ ဟားမတ်စ်ကတော့ ဟာနီယာ့ လုပ်ကြံခံရတာဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲထားကြပါတယ်။

“ကျုပ်တို့အိမ်မှာ ကျုပ်တို့ရဲ့ အလေးထားရတဲ့ ဧည့်သည်ကို သတ်သွားတာဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” လို့ အစ္စရေးကို ရည်ညွှန်းပြီး ခါမေနီက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးကတော့ သတ်ဖြတ်မှုကို အတည်လည်းမပြုသလို ငြင်းလည်း မငြင်းပါဘူး။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်ခဲ့ပြီး ဘယ်အခြေအနေအတွက်မဆို ရင်ဆိုင်ဖို့ အသင့်ပဲလို့ ပြောထားပါတယ်။  ရန်သူတွေ အထိနာအောင် လုပ်နိုင်ခဲ့ပြီလို့လည်း ပြောပါတယ်။

ဟာနီယာ့ဟာ အခုရက်ပိုင်းအတွင်း အီရန်နဲ့ပတ်သက်တဲ့ အဖွဲ့တွေထဲက ခေါင်းဆောင်ပိုင်းထဲက သေဆုံးတဲ့အထဲမှာ ဒုတိယမြောက်ဖြစ်ပါတယ်။ လက်ဘနွန်က ဟစ်ဇ်ဘိုလာ တပ်မှူးတဦးကိုလည်း အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းအရေးဟာ အတင်းမာဆုံး အခြေအနေ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း စစ်သွေးကြွခေါင်းဆောင် ၂ ဦး အသတ်ခံရပြီးတဲ့နောက် အခြေအနေ ပိုတင်းမာလာတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို တားဆီးဖို့ သံတမန်ရေးရာ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက ဇူလိုင် ၃၁ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့နဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်း စစ်ဦးစီးမှူးတို့ လုပ်ကြံတိုက်ခိုက်ခံရလို့ သေဆုံးအပြီးမှာ ဂါဇာစစ်ပွဲကနေ ပိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲအဖြစ် ပြောင်းလာမှာကို စိုးရိမ်နေကြတာပါ။

“ဒီဒေသဟာ စစ်ပွဲအားလုံးရဲ့ အစွန်းဆုံးကို ရောက်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်” လို့ ဂျပန်လက်ထောက်ကိုယ်စားလှယ် ရှိနို မစ်စုခိုက ပြောခဲ့ပြီး ပဋိပက္ခတွေကိုတားဖို့ နိုင်ငံတကာက ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်၊ ရုရှား၊ အယ်လ်ဂျီးရီးယားနဲ့ တခြားနိုင်ငံတွေကလည်း ဟာနီယာ့ လုပ်ကြံခံရမှုကို ရှုတ်ချခဲ့ပြီး အီရန်သံအမတ်ကြီးကတော့ ဒါဟာ အကြမ်းဖက်လုပ်ရပ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ဒေသတွင်း မတည်မငြိမ်ဖြစ်စေဖို့ ဆောင်ရွက်သူတွေအပေါ် အီရန်က ပံ့ပိုးကူညီခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မအောင်မြင်တာဟာ တင်းမာမှုတွေ ပိုဆိုးလာစေလို့ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဖှူးခုံးက ပြောပါတယ်။

“ဂါဇာမှာ စစ်ပွဲမီးတောက်တွေကို ငြှိမ်းသတ်ဖို့ အဓိက သြဇာရှိတဲ့ နိုင်ငံတွေဟာ ဖိအားတွေ ပိုပေးပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမှာပဲ” လို့လည်း သူက ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လုံခြုံတဲ့ အစ္စရေးနဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ပါလက်စတိုင်းနိုင်ငံတို့အဖြစ် နှစ်နိုင်ငံ ပူးတွဲနေထိုင်ရေး အ​ဖြေထွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့ ပြန်ပါဝင်ကြဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။

အစ္စရေးနဲ့ အီရန်ရဲ့ တခြား လက်ကိုင်တုတ်တွေကြား ကိုယ်စားပဋိပက္ခတွေ ပြင်းထန်လာနေတာကို ရပ်တန့်ဖို့ အီရန်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ဖိအားတွေပိုတိုးပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်က တောင်းဆိုခဲ့ပါတယ်။

အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အာမီယာ ဆာအိဒ် အီရာဗာနီက အီရန်အစိုးရဟာ အမြင့်ဆုံးသော သည်းခံမှုကို အမြဲတစေ ကျင့်သုံးခဲ့ပေမဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံထဲမှာ တိုက်ခိုက်တဲ့ အစ္စရေးကို ရှုတ်ချပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး လက်ထောက်ကိုယ်စားလှယ် ဂျိုနသန် မေလာက ဒေသတွင်း အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးမှုအတွက် အီရန်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024