အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ စီနီယာအကျဆုံး တပ်မှူးနဲ့ နည်းဗျူဟာအဖွဲ့ခေါင်းဆောင် ဖှူဝါ့ဒ် ရှုကာကို ဇူလိုင် ၃၀ ရက်က ဘေရွတ်မြို့တော် ဧရိယာမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဇူလိုင် ၃၁ ရက်က တဲလ်အဗစ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူးချုပ် ဟက်ဆန် နက်စ်ရယ်လာရဲ့ ညာလက်ရုံးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖှူဝါ့ဒ် ရှုကာဟာ စစ်ပွဲကာလ စစ်ဆင်ရေးအတွက်လည်း နက်စ်ရယ်လာရဲ့ အကြံပေး ဖြစ်တယ်လို့လည်း ဟာဂါရီက ပြောပါတယ်။
ရှုကာဟာ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ရှိ မက်ဂျ်ဒါလ်ရှမ်စ်းမြို့မှ ကလေး ၁၂ ဦး သေဆုံးမှုအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်။
သူဟာ အစ္စရေးရဲ့ သွေးတွေနဲ့ တခြားသူတွေရဲ့သွေးတွေ သူ့လက်ထဲမှာ စွန်းနေတဲ့ အကြီးတန်း အကြမ်းဖက်သမားပဲလို့လည်း ပြောပါတယ်။
အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ် ကတော့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်းတပ်မှူး ဖှူဝါ့ဒ်ရှုကာ သေဆုံးခဲ့တဲ့ ဘေရွတ် လေကြောင်းတိုက်ခိုက်မှု အပြီးမှာ အစ္စရေးမှာ သူ့ကိုယ်သူ ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး သူ့ရဲ့လုံခြုံရေးကို ကာကွယ်ဖို့ လုပ်ဆောင်တာကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း ဇူလိုင် ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆေယစ် မူဆန် လို့လည်း လူသိများတဲ့ ဖှူဝါ့ဒ် ရှုကာဟာ အစ္စရေးရဲ့ ဘေရွတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း လက်ဘနွန်ရှိ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် တခြားလူတဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် ၃၅ ဦး ဒဏ်ရာရခဲ့တဲ့အထဲ ၃ ဦးမှာ စိုးရိမ်ရကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဖီရာ့စ် အဘီယာ့ဒ်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ဟာ ဂိုလန်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပေမဲ့ အဲဒီအဖွဲ့ဟာ ဂိုလန်ကုန်းမြင့်ရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဘနွန်တောင်ဘက်ကနေ အစ္စရေးမြောက်ပိုင်းကို တနေ့တာလုံး ဒုံးကျည် ၂၅ စင်းလောက် ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
Source-Reuters