Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာအဖွဲ့ ပေးဆပ်ရမည်ဟု အစ္စရေး သတိပေး၊ စစ်ပွဲကြီးဖြစ်နိုင်ခြေရှိ
DVB
·
July 29, 2024
Photo - REUTERS/Ammar Awad

ဂိုလန်ကုန်းမြေမြင့်က ဘောလုံးကွင်းတကွင်းကို ဒုံးကျည်ထိမှန်ပြီး ကလေးနဲ့ လူငယ် ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ အစ္စရေး-ဟစ်ဇ်ဘိုလာ တင်းပြည့်စစ်ပွဲကြီး ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက သုံးသပ်ဖော်ပြပါတယ်။

အောက်တိုဘာ ၈ ရက် နောက်ပိုင်း လက်ဘနွန်နယ်စပ်ကနေ ဟစ်ဇ်ဘိုလာတွေက ရော့ကက်တွေ၊ အမြောက်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့သလို အစ္စရေးကလည်း လက်ဘနွန်နိုင်ငံထဲထိဝင်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုတွေဟာ အစ္စရေးမြောက်ပိုင်းနဲ့ ဂိုလန်ကုန်းမြေမြင့်ကို ပုံမှန်ထိမှန်ခဲ့ပေမဲ့ ပြီးခဲ့တဲ့စနေနေ့က ထိခိုက်မှုကတော့ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဘောလုံးကစားစဉ် သေဆုံးသွားတဲ့ ကလေးနဲ့ လူငယ် ၁၂ ဦးရဲ့ စျာပနအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အစ္စရေးဟာ ဂိုလန်ကုန်းမြေမြင့်ကို ၁၉၆၇ စစ်ပွဲမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၁၉၈၁ မှာတော့ ပိုင်နက်အဖြစ် ထည့်သွင်းခဲ့ပါတယ်။

နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ဘက်ခြမ်းမှာ လူ ၄၅၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ ဝန်းကျင်က အရပ်သားတွေ ဖြစ်ပါတယ်။ အစ္စရေးဘက်မှာတော့ အရပ်သား ၂၃ ဦးနဲ့ စစ်သား ၁၇ ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်ကပြန်လာတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေး ခေါ်ယူခဲ့ပြီး လိုအပ်သလိုတုံ့ပြန်ဖို့ ခွင့်ပြုချက်ရထားပါတယ်။

နေတန်ယာဟုက ဟစ်ဇ်ဘိုလာတွေဟာ အခုထိ မပေးဆပ်ရဘူးသေးတဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ပြောထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာ့တ်ကလည်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဆာရဲလားရဲ့ “ဦးခေါင်း” နဲ့ ပေးဆပ်ရမယ်လို့ ပြောထားပါတယ်။

လက်ယာစွန်းဝါဒီ ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမိုးထရစ်ချ်ကတော့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာနဲ့ တင်းပြည့်စစ်ပွဲဖြစ်ဖို့ နီးကပ်လာပြီလို့ ပြောထားပါတယ်။

လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာဟာ ဒေသတွင်း နိုင်ငံမဟုတ်တဲ့ အင်အားစုတွေထဲမှာ အားအကောင်းဆုံး ဖြစ်ပါတယ်။

ရော့ကက်နဲ့ ဒုံးကျည် တသိန်းခွဲလောက် ပိုင်ဆိုင်ထားပြီး အရှေ့လယ်ပိုင်းမှာ အီရန်ရဲ့ အရေးပါဆုံး လက်ဝေခံဖြစ်ပါတယ်။

လက်ဘနွန်မှာသာ အစ္စရေးကဝင်တိုက်ရင် မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်နဲ့ ကြုံရနိုင်တယ်လို့ အီရန်က သတိပေးထားပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမှာ ဖြန့်ကြက်ထားရဆဲဖြစ်သလို နောက်ထပ်စစ်မျက်နှာသစ်ဖွင့်ရင် ပိုရုန်းကန်ရနိုင်ပါတယ်။

တဖက်မှာလည်း လက်ဘနွန်နယ်စပ်က အစ္စရေး ၆၀,၀၀၀ လောက် နေရာရွှေ့ပြောင်းထားရတဲ့အတွက် ဟစ်ဇ်ဘိုလာအန္တရာယ်ကို ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေကလည်း ရှိနေပါတယ်။

ပြည်တွင်းမှာ ထောက်ခံမှုကျဆင်းနေတဲ့ နေတန်ယာဟုဟာ တိုက်ပွဲတွေရပ်သွားတာနဲ့ ရွေးကောက်ပွဲ ပြန်ခေါ်ရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေတွေနဲ့ ညွန့်ပေါင်းအစိုးရထဲက လက်ယာစွန်းဝန်ကြီးတွေရဲ့ ဖိအားကြောင့် နောက်ထပ် စစ်ပွဲတခု ဆင်နွှဲလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013