အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြေမြင့်က ဘောလုံးကွင်းတကွင်းကို ဇူလိုင် ၂၇ ရက်က ရော့ကတ်တစင်းထိမှန်တဲ့အတွက် ကလေးနဲ့ လူငယ် ၁၂ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲကာလကတည်းက ဂိုလန်ကုန်းမြေမြင့်ကို ဆီးရီးယားလက်ကနေ အစ္စရေးက သိမ်းပိုက်ထားတာဖြစ်ပေမဲ့ နိုင်ငံအများစုကတော့ လက်ခံထားခြင်းမရှိပါဘူး။
လက်ဘနွန် စစ်သွေးကြွအုပ်စု ဟစ်ဇ်ဘိုလာက ပစ်ခတ်လိုက်တဲ့ ရော့ကတ်ဟာ မက်ဂျ်ဒယ် ရှမ်စ်း ရွာကို ကျရောက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟစ်ဇ်ဘိုလာတွေကို လက်တုံ့ပြန်သွားမှာဖြစ်ပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ အစ္စရေး-ဂါဇာစစ်ပွဲစတင်ကတည်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိနေခဲ့တဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားမှာ အခုဖြစ်စဉ်ကြောင့် တင်းပြည့်စစ်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
အခုသေဆုံးမှုဟာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးမြောက်ပိုင်းနယ်စပ်မှာ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ထုံးစံအတိုင်း သက်ဆိုင်သူအားလုံး အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ ပဋိပက္ခကျယ်ပြန့်သွားရင် ဒေသကြီးတခုလုံး အတိဒုက္ခရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဟစ်ဇ်ဘိုလာ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်အာဖစ်ကတော့ ဒီတိုက်ခိုက်မှုကို ငြင်းဆိုထားပြီး ပေါက်ကွဲမှုဟာ အစ္စရေးရဲ့ ကြားဖြတ်ဒုံးခွင်းဒုံးတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ရတာလို့ တုံ့ပြန်ထားပါတယ်။
မက်ဂျ်ဒယ်လ်ရှမ်းစ်ဟာ ဂိုလန်ကုန်းမြေမြင့်မှာရှိတဲ့ ရွာလေးရွာထဲက တခုဖြစ်ပြီး အာရပ်စကားပြော ဒရုဇ် ဘာသာရေး အုပ်စုဝင် ၂၅,၀၀၀ လောက်နေထိုင်တဲ့နေရာ ဖြစ်ပါတယ်။
Source-Reuters