ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး အဲဒီအချိန်ကတည်းက ဂါဇာမှာ ထိန်းသိမ်းထားခဲ့တဲ့ ဓားစာခံ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ပြန်လည်ရယူခဲ့ကြောင်း သူတို့ရဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဆီက ထုတ်ပြန်ချက်ကို ကိုးကားပြီး အစ္စရေးစစ်တပ် ရေဒီယိုက ဇူလိုင် ၂၄ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဂါဇာမှာ ပြင်းထန်ရက်စက်တဲ့ စစ်ပွဲရဲ့အစ ဖြစ်ခဲ့တဲ့ ဟားမတ်စ်တွေရဲ့ အစ္စရေးတောင်ပိုင်းကို ဖြတ်ပြီး သောင်းကျန်းမှုမှာ အဆိုးရွားဆုံးခံခဲ့ရတဲ့ အသိုင်းအဝိုင်းတွေထဲက တခုဖြစ်တဲ့ နီယာ အော့ဇ် ရပ်ရွာကို တိုက်ခိုက်မှုအတွင်းမှာ အသက် ၅၆ နှစ်အရွယ် သူငယ်တန်းပြ ကျောင်းဆရာမ မာယာ ဂိုရန် သေဆုံးသွားခဲ့ကြောင်း စစ်တပ်ရေဒီယိုမှာ အသံလွှင့်ခဲ့ပါတယ်။
ဒုတိယ ဓားစာခံကတော့ အနီးနားရှိ နီယာ ယစ်ဇ်ဟက် ရပ်ရွာအသိုင်းအဝိုင်းမှ အသက် ၃၃ နှစ်အရွယ် အိုရန် ဂိုးလ်ဒင်း ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ကတော့ အစီရင်ခံ ထုတ်ပြန်ချက်ကို ချက်ချင်း အတည်မပြုခဲ့ပါဘူး။ ဂိုရန်နဲ့ ဂိုးလ်ဒင်း တို့ဟာ ဂါဇာမှာ ချုပ်နှောင်ခံထားရဆဲ ဓားစာခံ ၁၂၀ ထဲမှာ ပါဝင်ပါတယ်။
တိုက်ပွဲနေရာပေါင်းစုံမှ မှုခင်းဆေးပညာဆိုင်ရာ တွေ့ရှိချက်တွေ၊ ထောက်လှမ်းရေး အချက်အလက်၊ မျက်မြင်စာရွက်စာတမ်းတွေနဲ့ လွတ်မြောက်လာတဲ့ ဓားစာခံတွေရဲ့ သက်သေခံ ပြောကြားချက်တွေကို အခြေခံပြီးတော့ ဓားစာခံတွေထဲက အယောက် ၄၀ လောက်ဟာ မျက်ကွယ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အစ္စရေးက ကြေညာထားပါတယ်။
Source-Reuters