ဂါဇာ ဒေသအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ ဟားမတ်စ်နဲ့ ဖာတာ အပါအဝင် ပါလက်စတိုင်းအဖွဲ့တွေက "အမျိုးသားညီညွတ်ရေး" သဘောတူညီချက်ကို ဇူလိုင် ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၃ ရက် တာ တရုတ်နိုင်ငံမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဖြတ်အစိုးရထူထောင်ဖို့အတွက် အုတ်မြစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ စစ်ပြီးခေတ် ဂါဇာကမ်းမြောင်ကို အုပ်ချုပ်ဖို့အတွက် ဖြစ်တယ် ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ကမှတ်ချက်ပေးပါတယ်။
ကာလကြာရှည် နိုင်ငံရေးပြိုင်ဘက် ပါတီနှစ်ခုဖြစ်တဲ့ ဟားမတ်စ်၊ ဖာတာ တို့နဲ့အတူ တခြားပါလက်စတိုင်း ၁၂ ဖွဲ့ကလည်း ညီညွတ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်အရ အနာဂတ်ရွေးကောက်ပွဲမတိုင်ခင် ပါလက်စတိုင်း ခေါင်းဆောင်မှုပိုင်း ပေါင်းစည်းရေး ၊ နိုင်ငံတော်ကောင်စီသစ်အတွက် လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပရေး၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပေါ် ရင်ဆိုင်ရာမှာ အထွေထွေညီညွတ်မှုကြေညာချက် ထွက်ပေါ်နိုင်ရေးနဲ့ ကြားဖြတ်အစိုးရထူထောင်ရေး စတဲ့ အဓိကအချက် ၄ ချက် အထိပါဝင်ပါတယ်။
ဒါ့အပြင် ဂါဇာကမ်းမြောင်ကို ဟားမတ်စ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ဖာတာအဖွဲ့နဲ့ ပဋိ ပက္ခဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဒီလိုမျိုး ခါးသီးတဲ့ပြိုင်ဘက်တွေအဖြစ် ဆယ်စုနှစ် ၂ ခုနီးပါးရှိနေခဲ့ကြတဲ့ ဟားမတ်စ်နဲ့ ဖာတာ တို့ရဲ့ ရင်ကြားစေ့မှုဟာ ပါလက်စတိုင်းအတွင်းစည်းမှာ အရေးပါတဲ့အလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်။
အခုလိုမျိုး ဟားမတ်စ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ သမ္မတဖြစ်သူ မာမွတ်အဘားစ်နဲ့ ဖာတာအကြီးအကဲတို့ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေး-ကတ်ဇ်က လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
စစ်ပွဲကာလ အလွန်မှာ အစ္စရေးကသာ ဂါဇာဒေသကို ထိန်းချုပ်သွားမှာဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။
တရုတ်နိုင်ငံက ပါလက်စတိုင်းဘက်ကို စာနာနားလည်ပေးခဲ့တဲ့ သမိုင်းကြောင်းရှိထားသလို အစ္စရေးနဲ့ နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေး ဖြေရှင်းချက်အပေါ်မှာလည်း ထောက်ခံမှုရှိပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ဂါဇာစစ်ပွဲကို အဆုံးသတ်နိုင်မယ့် “နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတခု” ကျင်းပဖို့ တောင်းဆိုထားပါတယ်။
Source-Reuters