ဖိလစ်ပိုင်နိုင်ငံတွင်းမှာ ကျယ်ပြန့်လာနေတဲ့ တရုတ်ပိုင်အများစုဖြစ်တဲ့ အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်းတွေကို ချက်ချင်းပိတ်ဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အမိန့်ထုတ်လိုက်ပါတယ်။
ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်အရေးလို ကိစ္စတွေမှာ မိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေး မဟာမိတ်ပြုပြီး ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရမယ်လို့လည်း မားကို့စ်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည်ပြောသွားပါတယ်။
ပြီးခဲ့တဲ့လက တရုတ်နဲ့ ဖိလစ်ပိုင်တပ်တွေ အဆိုးဆုံး ထိပ်တိုက်တိုးမှု ဖြစ်ခဲ့အပြီးမှာ သမ္မတက အောက်လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ တရုတ်အွန်လိုင်းလောင်းကစားလုပ်ငန်း ၄၀၀ လောက်ရှိနေပြီး တရုတ်လူမျိုးတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက လူတွေကို ခန့်ထားလုပ်ကိုင်နေပါတယ်။ ပြည်မကြီးမှာ အစိုးရက နှိမ်နင်းမှုတွေ လုပ်လာတဲ့အချိန် ဖိလစ်ပိုင်အထိ ပျံ့လာတာ ဖြစ်ပါတယ်။
အဆောက်အအုံဝင်းကြီးတွေထဲမှာ လုပ်ကိုင်နေကြတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ အရှေ့တောင်အာရှသား အများစုဟာ တရားမဝင်လုပ်ကိုင်နေတယ်လို့ ယူဆရပြီး ဖိအားပေး ခိုင်းစေတာတွေ ရှိနေပါတယ်။
တရားဝင်လုပ်ငန်းအဖြစ် ရုပ်ဖျက်ပြီးတော့ ငွေကြေးလိမ်လည်တာ၊ ငွေကြေးခဝါချတာ၊ ပြည့်တန်ဆာလုပ်တာ၊ လူကုန်ကူးတာ၊ ပြန်ပေးဆွဲ၊ ရက်ရက်စက်စက် နှိပ်စက်တာကနေ သတ်ဖြတ်တာအထိ ရှိနေတယ်လို့ မားကို့စ်က မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
ဒီဆိုးရွားတဲ့လုပ်ရပ်တွေဟာ ဖိလစ်ပိုင်ရဲ့ တရားဥပဒေစနစ်ကို မလေးစားရာ ရောက်တယ်လို့လည်း မားကို့စ်က ဝေဖန်ခဲ့ပါတယ်။
Source-Reuters