Home
မြန်မာသတင်း
သွင်းကုန်များကို ရည်ညွှန်းဈေးသတ်မှတ်ရန် စစ်ကောင်စီ စီစဉ်
DVB
·
August 7, 2024
Truck

သွင်းကုန်ပစ္စည်းတန်ဖိုးတွေ ဈေးနှုန်းမှန်ကန်စေဖို့ ရည်ရွယ်တယ်ဆိုပြီး ကုန်စည်အလိုက် ရည်ညွှန်းဈေးသတ်မှတ်ဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

ဒါကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားတာနဲ့ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်တာတို့မှာ လာမယ့် ဩဂုတ် ၁၂ ရက်ကစပြီး ကုန်စည်အလိုက် သတ်မှတ်ထားတဲ့ သွင်းကုန်ရည်ညွှန်းဈေးနှုန်းအတွင်းမှာ ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်း‌ရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားတာပါ။

ဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့ အကောက်ခွန်ဦးစီးဌာနနဲ့ ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားတဲ့ သွင်းကုန်တန်ဖိုးစိစစ်ရေးအဖွဲ့ကနေ သွင်းကုန်ပစ္စည်း HS Code လိုင်း ၃၇၃ လိုင်း၊ ကုန်ပစ္စည်းအမျိုးအမည် ၃,၂၇၉ မျိုးအတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေကို စိစစ်ပြုစုထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သို့‌ပေမဲ့ အဲဒီ သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ထုတ်ပြန်တာတွေ ပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်မြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အမေရိကန်‌ေဒါ်လာနဲ့ ရွှေအပါအဝင် အခြေခံစားသောက်ကုန် ဆန်၊ ဆီနဲ့ စက်သုံးဆီ ဈေးနှုန်းတွေ၊ စိုက်ပျိုးရေးသွင်းအားစုတွေကိုပါ ရည်ညွှန်းဈေးသတ်မှတ်ပေးပြီး ဈေးနှုန်းတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဒီလို အာဏာသုံး၊ ဖိအားပေးပြီး ရည်ညွှန်းဈေးနှုန်းသတ်မှတ်တာ၊ ဒီသတ်မှတ်ဈေးနှုန်းတွေ အတိုင်း မဖြစ်မနေ ဖိအားပေး ရောင်းချစေတာ‌ေတွက ‌ေရရှည်အတွက် အမှန်တကယ် လက်တွေ့ကျတဲ့ အဖြေမဟုတ်ဘူးလို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိအခြေအနေအရလည်း ဒေါ်လာ၊ ရွှေ၊ ဆန်နဲ့ စားသုံးဆီ အရောင်းအဝယ်တွေမှာ စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးနဲ့ အလုပ်ဖြစ်မှုက အလွန်နည်းပါးပြီး ရောင်းသူ ဝယ်သူ ကြိုက်ရောင်း ကြိုက်ဝယ် ဈေးတွေနဲ့သာ အလုပ်ဖြစ်မှုများတယ်လို့ ဝယ်ယူသုံးစွဲသူတွေထံက သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ရည်ညွှန်းဈေးတွေ သတ်မှတ်တယ်သာ ပြောတာ၊ ဘယ်ဟာမှ အဲဈေးနဲ့ လွယ်လွယ်ဝယ်မရဘူး။ ရွှေလည်း သူတို့ရောင်းတဲ့ဈေးနဲ့မရဘူး။ စားဆီလည်းမရဘူး။ ဆန်ကျတော့ သတ်မှတ်ဈေးနဲ့ ရပေမဲ့ ဆန်သိပ်မကောင်းဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက သွင်းကုန် တင်သွင်းသူတွေကို ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ နိုင်ငံခြားငွေတွေ ထုတ်ရောင်းချပေးနေပေမဲ့လည်း လုံလောက်တဲ့ပမာဏ မဟုတ်တာကြောင့် လုပ်ငန်းရှင်အများစုဟာ ပြင်ပဈေးကွက်မှာပဲ ပြင်ပပေါက်ဈေးနဲ့ ဒေါ်လာဝယ်ယူပြီး တင်သွင်းနေရတာဖြစ်လို့ လုပ်ငန်းရှင်တွေက စစ်ကောင်စီသတ်မှတ်ဈေးနဲ့ အရှုံးခံပြီး ပြန်လည်ရောင်းချနိုင်ဖို့ အခက်တွေ့နေကြပါတယ်။

စက်သုံးဆီတင်သွင်းသူတွေကလည်း စကစကသတ်မှတ်တဲ့ ဆီဈေးနဲ့ ရောင်းနေရလို့ အရှုံးပေါ်နေတာကြောင့် ဆီဈေးပြင်ဆင်သတ်မှတ်ပေးဖို့ စကစကို တောင်းဆိုသွားမယ်လို့လည်း စက်သုံးဆီအသင်းရဲ့ အစည်းအဝေးမှတ်တမ်းအရ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိလာပြီး ကုန်သွယ်ရေး နှောင့်နှေးလာတာ၊ ကျပ်ငွေတန်ဖိုး ထိုးဆင်းလာတာကြောင့် ကုန်ပစ္စည်းဈေးနှုန်း‌တွေ ထိုးတက်တာ၊ ပစ္စည်းပြတ်လပ်တာတွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။

ပြည်တွင်းမှာ နေထိုင်သူတွေကတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတလို့ နေ့စဉ်ဘဝမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေး၊ လူမှုရေး ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013