Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်
DVB
·
August 7, 2024

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက ပြင်ဆင်မယ့် အပိုင်းတွေကို အကြိုညှိနှိုင်းကြဖို့ ဒီလထဲမှာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရွေးကောက်ပွဲပြန်ဝင်ကြမယ့် နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သက်ဆိုင်ရာဒေသအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးစွဲရေးအပါအဝင် အချက်တချို့ကို စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရွေးကောက်ပွဲပြန်ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကြားမှာ သဘောတူထားတယ်လို့ နိုင်ငံရေးပါတီတွေဘက်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရွေးကောက်ပွဲမကျင်းပခင်အချိန်ထိ အနည်း ၆ ကြိမ်တွေ့ဆုံဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားပြီး သဘောတူညီထားတဲ့အချက်တွေကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်က အတည်ပြုရမှာဖြစ်တယ်လို့ နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ခေါင်းဆောင် ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ရွေးကောက်ပွဲပြန်ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံပါ စစ်တပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်း ကဏ္ဍတွေကို လျော့ချဖို့နဲ့ နိုင်ငံတော်ရဲ့အမည်ကို ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုပြီး ပြောင်းလဲဖို့ ဆွေးနွေးခဲ့ပေမဲ့ အဲဒီအချက်တွေကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဘက်က လက်ခံသဘောတူညီခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲအလွန် ပြင်ဆင်ကြမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ညီမျှတဲ့ အခွင့်အရေးတွေနဲ့ အဆင့်အတန်းမျိုးဖြစ်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၁၀ ဖွဲ့ထဲက  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီစာချုပ်ဟာ ပျက်သွားပြီလို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီး လက်ရှိအချိန်မှ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်နေပါတယ်။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013