(က)
တောင်ကျောင်းသို့ရောက်တော့ ကျောင်းပေါ်မှ စကားသံအချို့ ပျံ့လွင့်လို့လာတာ ကြားကြရပါ၏။
အဘလုံးတုံးက ညာဘက်လက်ညှိုးကို နှုတ်ခမ်းမှာကပ်ကာ တိတ်တိတ်နေရန် အချက်ပေးပါ၏။
“စိမ်းမောင်ရေ . . . ဘုရားဒကာ ယာယီသမ္မတကြီးကို မဘသတွေ မျိုးချစ်တွေက နင်ပဲငဆ ပြောနေကြပြီဆိုကွ”
“တင်ပါ့ဘုရား . . . ဘုရားတရားလုပ်ချင်ရင်လည်း တပ်ချုပ်အလုပ်ကို အခြားသူတဦးဦးထံ ပေးအပ်ရန် အကြံပေးနေကြပါတယ်”
“အေးကွာ . . . ယာယီသမ္မတကြီးက စစ်ပွဲတွေကို ဦးစီးဦးဆောင်မှုမပြုဘဲ လွှဲထားတယ်ထင်သကွ”
“ဒုချုပ်ကြီးက ဦးဆောင်လမ်းညွှန်နေတယ်လို့ ပြောကြတာပဲ ဘုရာ့”
“အိမ်း . . . ဒါဆိုရင်လည်း သူက ဘုရားတည် ကျောင်းဆောက်လုပ်ပြီး တပ်ချုပ်ရာထူးကို တပါးသူကို လွှဲလိုက်ဖို့ ကောင်းတယ်ကွာ”
“တင်ပါ့ . . ခုထက်ထိတော့ သူ့ကာချုပ်နေရာကို ဘယ်သူ့မှ မလွှဲသေးဘူးဘုရာ့၊ ကာချုပ်လည်း သူပဲ၊ ဝန်ကြီးချုပ်လည်း သူပဲ၊ ယာယီသမ္မတလည်း သူပါပဲ ဘုရာ့”
“ထမ်းဆောင်ရတဲ့တာဝန်တွေက များလိုက်တာကွာ၊ သူမို့လို့ လုပ်နိုင်တာ”
“တင်ပါ့ . . . အဲသလိုမျိုး နေရာသုံးခုလုံး တဦးတည်း ထမ်းဆောင်တာ ကမ္ဘာမှာတောင် မရှိသေးဘူးတဲ့ ဘုရာ့”
“ထူးခြား ရှားပါးတဲ့ ပုဂ္ဂိုလ်ကိုးကွ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
ကျောင်းပေါ်သို့ ခြေသံလုံလုံဖြင့် တက်လာကြပြီး ရုတ်တရက် ရယ်ချလိုက်မိကြပေရာ စိမ်းသရဖူစိမ်း ဆရာတော်နှင့် ဒကာေကျာ်တို့မှာ လန့်သွားကာ ကြက်သေ သေသွားကြပါ၏။ အဘစောမူးသာက ဝင်၍ ပြောပါလေ၏။
“အမှန်ပဲ ဘုရာ့ . . . မြန်မာ့သမိုင်းမှာေကာ ကမ္ဘာ့သမိုင်းမှာပါ ရာဇဝင်တွင်မယ့် ပုဂ္ဂိုလ်ကျော်ကြီးအဖြစ် ဂင်းနစ်စံချိန်ဝင်သွားပြီလို့ ကြားသိရကြောင်းပါ”
“ဟေ . . . . .”
“ကမ္ဘာက စောင့်ကြည့်ပြီး ချီးကျူးကြပါတယ်ဘုရာ့”
“ဘယ် . . . ဘယ်လိုများ ချီးကျူးစကား ဆိုကြတာလဲ မူးသာရဲ့”
“‘ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသူ ပုဂ္ဂိုလ်ရှော်ကြီး’ လို့ ဂုဏ်ပြုနေကြကြောင်းပါ”
“ဟာကွာ . . . . .”
“ဟား ဟား ဟား ဟား ဟား ဟား”
ကျွန်ုပ်တို့ ပေါ့ပေါ့ပါးပါး ရယ်မောမိကြစဉ် အစွန်းရောက် ဆရာ ဒကာတို့မှာကား ရှုတည်တည်ကြီးတွေ ဖြစ်သွားကြပါလေ၏ ခင်ဗျာ။ အဘလုံးတုံးက ဆက်ပါလေ၏။
“သူ့ တပ်ချုပ်ရာထူးကိုတော့ ဘယ်သူကောင့်သားကိုမှ လွှဲရဲမယ်မထင်ဘူး ဘုရာ့”
“ဘာဖြစ်လို့လဲ လုံးတုံးရ”
“အဲသည်ရာထူး တဦးဦးကို လွှဲလိုက်ပြီးတာနဲ့ သူလည်း လွတ်လွတ်လပ်လပ်နေရမှာ မဟုတ်တော့ဘဲ ‘နေအိမ်အကျယ်ချုပ်’ နဲ့ စခန်းသွားရမှာမို့ပါ ဘုရား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
သို့ဖြင့် ကြင်စိုး သာဝ မအလ၏ လုပ်ရည်ကိုင်ရည်ကို တိတ်တိတ်ကလေး ဝေဖန်ေနကြသည့် ဆရာ ဒကာတို့မှာ ဘာကို ဘယ်လိုဆက်ကြရမှန်း မသိကြတော့ပါ။
“‘ဝဋ်’ ဆိုတာ ဘဝမကူးဘူး ဆိုတဲ့စကား တအားမှန်တာပဲ မူးသာရ”
“ဆိုစမ်းပါအုံး လုံးတုံးရာ”
“အရင်က ဒင်းတို့တွေရဲ့ ခေါင်းကိုင်ဖခင် ဥက္ကဋ္ဌကြီးတောင် တပည့်ကျော် ဗိုလ်သန်းရွှေရဲ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် အချခံရပြီး ကွယ်လွန်သွားခဲ့ရသေးတာပဲ”
“အေးကွ . . .”
“အခုလည်း နေပြည်တော် ၆ လုံးတန်းက စီနီယာဆရာကြီးတွေကို ကြင်စိုးက နေအိမ်အကျယ်ချုပ် ချထားတယ်လို့ ကြားနေရတယ်လေကွာ”
“အေး . . . ဝဋ် . . . ဝဋ်”
“ဒါကြောင့် အာဏာရှင်တွေဟာ ထိုင်ခုံပေါ်က မဆင်းရဲတာ၊ သူဆင်းပေးလိုက်တာနဲ့ သူ့ထက် လက်စောင်းထက်တဲ့ တပည့်ကျော် ပဲလှော်တွေဟာ သူ့ကို ပြန်ကိုင်တော့ကြတာပဲ မဟုတ်လား”
“ဟားဟား ဟားဟား ဟားဟား”
အခုလည်း ကြင်စိုး သာဝ မအလ၏အဖြစ်က ‘ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း’ ဆိုသလိုပဲ ဖြစ်လာမှာ ဖြစ်သည့်အတွက် အကြီးဆုံးဖြစ်ပေ့ဆိုသည့် တာဝန်အထုပ်အပိုးကြီးများကို တဦးတည်း မူပိုင်လုပ်ကာ ခေါင်းပေါ်ရွက်ထားရင်း မနိုင်မနင်းဖြစ်ကာ မကြာမီ ‘ပိ’ တော့ပါမည်တဲ့။
“မူးသာပြောတာနဲ့ ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ‘အငတ်’ ဆိုတဲ့ ကဗျာလေးကို တွေးပြီး ပြုံးမိသကွာ”
“လုပ်စမ်းပါအုံး လုံးတုံးရာ၊ ဘယ်လိုေလးပါလိမ့်”
အဘစောမူးသာကပြောတော့ အဘလုံးတုံးက ကဗျာလေးကိုရှာကာ ရွတ်ပြပါ၏။
“ငတ်ပြတ်လာပြီဆိုရင်
တယောက်တည်းလည်း
အလုပ်သုံးလေးခု
လုပ်ရတော့တာပဲ”
“ဟား ဟား ဟား ဟား ဟား ဟား”
“အေးကွ . . . မအလက ငတ်ပြတ်ယုံမက ငတ်ကြီးပါကျတော့ တတိုင်းပြည်လုံးဘဏ္ဍာ သူ့ဥစ္စာလုပ်ရာကနေ တနိုင်ငံလုံးမှာ ရှိသမျှအာဏာ သူ့ဟာချည်းပဲ လုပ်နေတဲ့ ‘သောက်ငတ်ကြင်စိုး’ ပေါ့ဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အခုတော့ CDM စစ်သည်တော်တွေ၊ အလင်းထဲဝင်လာသည့်စစ်သားတွေ၊ လက်နက်ချလာသည့် တပ်မတော်သားတွေနှင့် မိသားစုဝင်တွေအဖို့မှာ ပြည်သူ့ရင်ခွင်တွင် အေးအေးချမ်းချမ်းနှင့် လူလိုသူလိုနေရပြီး မအလကို ကာကွယ်ပေးနေဆဲဖြစ်သည့် ဖက်ဆစ်တပ်သားတွေအဖို့ကား ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို အသက်ထွက်မလဲဆိုတာကိုပဲ အာရုံပြုကာ စိတ်တွေ ထွေပြားနေကြရလေပြီ ဖြစ်၏။
“ဒီမယ်စိမ်းမောင် . . . ကိုမင်းကိုနိုင် ပြောခဲ့သလိုပဲ လက်ဝှေ့ပွဲသာဆိုရင် တော်လှန်ရေးတပ်တွေက အမှတ်အပြတ်အသတ်နဲ့ကို နိုင်နေတာ ကြာပြီ”
“အေး . . . ဒါကိုမှ အရှုံးမပေးသေးဘူး ဆိုရင်တော့ ဒီဘက်ကလည်း ‘အလဲထိုး’ ဖို့ပဲ ရှိတော့တာပေါ့ကွာ”
“ထိုးမှာ . . . အသေထိုးမှာဗျား”
“ဟားဟား ဟားဟား ဟားဟား”
မျက်စိထဲမတော့ မျက်နှာကြီးတခုလုံး ဖူးယောင်ကာ မျက်လုံးကြီးတွေ ပိတ်လုမတတ်နှင့် သွေးတွေချင်းချင်းနီပြီး ယိုင်ရွဲ့နေပြီဖြစ်သည့် ပုပုကွကွ လက်ဝှေ့သမား မအလကို မြင်ယောင်မိကြပါ၏။
“လက်ဝှေ့ရှော် မအလရဲ့ နည်းပြအေကျာ် ကိုပေါက်ဖော်နဲ့ ကိုပူတင်းတို့ရဲ့ အခြေအနေကလည်း ဘယ်လိုလဲ”
“အေးကွ . . . သူတို့တပည့်ကို လက်ပူတိုက် ကြပ်ထုပ်ထိုး ရေမန်းပက် လုပ်နေကြပေမဲ့ နောက်ကွယ်မှာတော့ တော်လှန်ရေးတပ်တွေဘက်ကို ပုံပြီးလောင်းထားတယ်လို့ ငါထင်တယ်”
“အဲသလိုဖြစ်ဖို့များတယ်ကွ၊ မအလကြီး မရှုမလှ ကွဲပြဲပြီး ရှုံးလို့ အသက်ပါသွားလည်း နောက်ကွယ်က လောင်းကြေးကေတာ့ ဒင်းတို့ မြိုးမြိုးမြက်မြက် ရအုံးမှာ”
“ကိုပေါက်ဖော်နဲ့ ကိုပူတင်းတို့ပဲကွာ၊ ကမ္ဘာကျော်ငပွကြီးတွေပဲဟာ၊ ခုဆိုရင် NUG နဲ့တောင်မှ ချိတ်ဆက်ပြီးကြလောက်ပြီ”
အရွှင်အဘတွေ၏ သုံးသပ်ချက်အရ မရှုမလှ မအလဟာ နောက်ထပ် အထိုးခံနိုင်လှ ၃ လပါတဲ့။ ဒီအတောအတွင်း စားပွဲဝိုင်းဆွေးနွေးပွဲတွေ ခေါ်ချင်ခေါ်မယ်၊ ပြည်ပကို ထွက်ပြေးချင်ပြေးမယ်၊ သူ့ကိုယ်သူ ဟစ်တလာလိုမျိုး သတ်သေချင်သေမယ်တဲ့ ခင်ဗျ။
“အခု မအလတို့ ဇော်မဲလုံးတို့ရဲ့အဖြစ်က ကဒါဖီတို့ရဲ့ဖြစ်ရပ်နဲ့ တူနေသကွ”
“ဘယ်လိုများ တူတာလဲ အဘလုံးတုံး”
“အာဏာရှင် ကဒါဖီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှာလည်း ‘လစ်ဗျားဇော်မဲလုံး’ ရှိတယ်ကွ”
“အလိုလေး. . .”
“အဲသည်ကောင်ကလည်း အမြဲတမ်း လိမ်ရတဲ့ကောင်ပေါ့၊ “ကျနော်တို့အစိုးရဟာ တော်လှန်ရေးတပ်တွေကို ချေမှုန်းနိုင်နေပါပြီ” ဘာညာနဲ့ သူတို့နန်းတော်ထဲက သတင်းစာရှင်းလင်းပွဲတိုင်းမှာ အမြဲတမ်း လိမ်လာတာ”
“တနေ့တော့ နန်းတော်ထဲမှာ အဲသလိုပဲ “တော်လှန်ရေးအဖွဲ့တွေ ပြုတ်ကုန်ပြီ” ဘာညာ ပြောနေတဲ့အချိန်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ နန်းတော်ရဲ့ တံခါးမကြီးကို ထုပြီး ဖျက်ပြီး ဝင်လာနေကြပြီ”
“အဲဒါနဲ့ . . .”
“အဲဒါနဲ့ ဒီကောင်တွေအကုန်လုံး ခွေးတိုးပေါက်တွေကနေ အူရားဖားရား ထွက်ပြေးကြတာလေကွာ”
“အဲဒါနဲ့ လွတ်သွားကြတယ်ပေါ့”
“လွတ်မလွတ်တော့မသိဘူး . . . ခေါင်းဆောင်ကြီး ကဒါဖီကတော့ လူအုပ်ကြားထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့လို့ ဝိုင်းဝန်းထိုးကြိတ်တာခံရပြီး မိနစ်ပိုင်းအကြာမှာပဲ နတ်ရွာစံလို့ ကံတော်ကုန်ခဲ့ပါရောလား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)