ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသတွေက ဆရာ၊ ဆရာမတွေကို ဒီလကုန်ကစပြီး လစာမပေးတော့ဘူးလို့ ဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အခြေခံပညာကျောင်းတွေကို ပိတ်ထားရပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့တွေမှာလည်း ကျေးလက်ဒေသက ကျောင်းတွေကို ပိတ်ထားတာပါ။
မြို့ပေါ်ကကျောင်းတွေကိုပဲ ဖွင့်လှစ်ထားပြီး မြို့ပေါ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှ လစာရမယ်လို့ သိရကြောင်း ဆရာ၊ ဆရာမတွေက ပြောပါတယ်။
ကျောက်ဖြူမြို့၊ ကင်းပင်လယ်နားကျေးရွာက ဆရာမတယောက်က “စစ်ဘေးမရှိပေမယ့် ဒီလကစလို့ လစာတွေရမှာ မဟုတ်တော့ဘူး။ ပညာရေးမှူးရုံးက အကြောင်းကြားတာပါ။ မြို့ပေါ်က ဆရာမတွေ အကုန်လုံးရတယ်။ ကျေးလက်ကျောင်းတွေက ဆရာမတွေ မြို့ပေါ်မလာရင် မပေးတော့ဘူးပြောတာ” လို့ ပြောပါတယ်။
ဇွန်လအစပိုင်းကတည်းက ULA/AA က ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ဆက်လက်တာဝန်မထမ်းဆောင်ဖို့ ထုတ်ပြန်အသိပေးခဲ့တာကြောင့် ပညာရေး ဝန်ထမ်းတွေဟာ ဇွန်လနဲ့ ဇူလိုင်လတုန်းက ကျောင်းမတက်ပေမယ့် လစာရခဲ့တယ်လို့ Non CDM ဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
ဇင်ချောင်းကျေးရွာက ဆရာမတယောက်က “အခုက မြို့ထဲကို လာတွဲရမယ်လို့ ပညာရေးမှူးက ခေါ်နေတယ်။ ကျမတို့တွေက သွားချင်ရင်တောင်မှ ULA က တားမြစ်မှာ ထင်တယ်။ အဲဒါကြောင့် ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့မြို့တွေက ပညာရေးဝန်ထမ်းတွေကို လစာ မပေးတော့တာကြောင့် ပညာရေးဝန်ထမ်းတချို့ဟာ တခြားမြို့နယ်တွေကို ပြောင်းရွှေ့သွားခဲ့ပြီး တချို့ကတော့ နုတ်ထွက်စာတင်သွားကြတယ်လို့ Non CDM ဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေက ဆရာ ဆရာမတွေကို စစ်ကောင်စီက မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကို အပြောင်းအရွှေ့လုပ်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ် ထိန်းချုပ်ထားတဲ့ မြို့တွေက ဆရာ၊ ဆရာမတွေကိုလည်း စစ်ကောင်စီက လစာမပေးတော့ပါဘူး။