Home
မြန်မာသတင်း
ရန်ကုန်က သီလရှင်ကျောင်းအချို့တွင် နေထိုင်ခွင့်အတွက် လစာပေးနေရ
DVB
·
August 11, 2024

ရန်ကုန်မြို့က သီလရှင်ကျောင်းတချို့မှာ သီလရှင်ဆရာလေးတွေဟာ ကျောင်းနေထိုင်ခွင့်ရဖို့ လစာပေးပြီး နေထိုင်နေရတယ်လို့ သိရပါတယ်။

သီလရှင် ဆရာလေးတွေအနေနဲ့ ဝါတွင်းဝါပမကျန် နေ့စဉ်ဆိုသလို ဆွမ်းဆန်စိမ်းအလှူခံထွက်ပြီး ရရှိတဲ့ ဆွမ်းဆန်စိမ်းနဲ့ အလှူငွေတွေကို မိမိတို့ကိုယ်ပိုင်သုံးစွဲနိုင်ကြောင်းနဲ့ ကျောင်းနေထိုင်ခွင့်အဖြစ် သီလရှင်ဆရာကြီးကို လစာပေးနေရ​တယ်လို ဆရာလေးတပါးက DVB ကိုပြောပါတယ်။

“ဆရာလေးတို့ကျောင်းမှာက အားလုံး ၆ ပါးရှိပါတယ်။ ကျောင်းနေထိုင်ခွင့်ဆိုပြီး ဆရာကြီးကို တလ ငွေ ၄ သောင်း ပုံမှန်ပေးရတာ။ ဆန်ခံထွက်လို့ရလာတဲ့ ဆန်တွေကိုရောင်းပြီး လိုအပ်တာတွေ ဝယ်ယူရတာပေါ့။ ကျောင်းကိုတော့ ပြန်ပေးစရာမလိုဘူး။ အလှူခံလို့ရတဲ့ဆန်က ရောရာဆိုတော့ ပြန်ရောင်းရင် တပြည်ကို ၁,၀၀၀ ကနေ ၁,၇၀၀ ထိပဲရတယ်။ ဆန်ဖိုးရော အလှူငွေရောပေါင်းရင် တရက်ကို တသောင်းခွဲနီးပါးလောက်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်အချိန်ထိ ရန်ကုန်မြို့က သီလရှင်ကျောင်းတွေမှာ အခုလို ကျောင်းနေထိုင်ခွင့် လစာပေးရတာမျိုးမရှိဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီလရှင်ကျောင်း တချို့မှာ ကျောင်းနေထိုင်ခွင့်လစာပုံစံ ပေးသွင်းပြီး နေထိုင်နေရတာလို့ သီလရှင်ဆရာလေးတွေဆီက သိရပါတယ်။

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က သီလရှင်ကျောင်းအုပ်ဆရာကြီးတပါးက “ဆရာလေးတို့က ကိုယ့်ကျောင်းနေမယ့် သီလရှင်လေးတွေကို သေချာစိစစ်ပြီးမှ လက်ခံရတာ။ ဝါမဝင်ခင်အထိ ပြောင်းလာတဲ့ သီလရှင်လေးတွေစာရင်းကိုလည်း မြို့နယ်သံဃနာယကအဖွဲ့ထံမှာ စာရင်း သွင်းပေးရတာ။ အခုဝါတွင်းကာလဆိုတော့ ကျောင်းမှာ ထပ်ပြီးလက်မခံတော့ဘူး။ ပုံမှန်ကတော့ ကျောင်းနေထိုင်ဖို့အတွက် တလကို ၄ သောင်း ကောက်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တချိုကျောင်းတွေမှာတော့ လစာပေးနေရတာအပြင် တပတ်ကို ဆွမ်း ၂ ရက် အလှည့်ကျ ချက်ပြုတ်ပေးရကြောင်းနဲ့ ကျောင်းဝေယျာဝစ္စလုပ်ငန်းတွေကိုပါ လုပ်ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီငွေကို ဘာကြောင့် ကောက်တယ်ဆိုတာနဲ့ ဘယ်နေရာမှာ သုံးစွဲတယ်ဆိုတာကိုတော့ သူက မပြောသလို မေးမြန်းခွင့်လည်း မရခဲ့ပါဘူး။

ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှသ်နောက်ပိုင်း မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မရမ်းကုန်းမြို့နယ်က သီလရှင်ကျောင်းတချို့မှာ နေထိုင်ကြတဲ့ ဆရာလေးတွေအနေနဲ့ ကျောင်းနေထိုင်ခွင့် တလကို ငွေကျပ် ၃ သောင်းကနေ ၄ သောင်းအထိ ပေးနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024