ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အရှေ့ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား ပိုမိုဖြတ်တောက်ဖို့ လုပ်ဆောင်နေတယ်လို့ မြို့နယ်လျှပ်စစ်ရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လျှပ်စစ်ဓာတ်အားဖြန့်ချိနေတဲ့ အရှေ့ပိုင်းခရိုင်အတွင်းမှာ တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် ၄ မြို့နယ်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ စတဲ့ စုစုပေါင်း ၁၄ မြို့နယ် ပါဝင်ပါတယ်။
ရန်ကုန်မြို့ခံတဦးက “နေ့ခင်း ၁ နာရီကနေ ၅ နာရီအထိ ပေးတယ်ဆို အရင်က ၅ နာရီကနေ ၉ နာရီအထိ မီးပျက်တယ်။ အခုရက်ပိုင်းတော့ မိုးနည်းနည်းရွာလာတော့ ညတွေ ဆက်တိုက်လာတယ်။ နေ့ခင်းဆို ၄ နာရီလောက် မီးပြတ်တယ်။ အခု ညပါ ထပ်ဖြတ်ရင်တော့ တနေ့ ၈ နာရီလောက် ဖြတ်တဲ့သဘောပါပဲ။ အဆင်တော့ မပြေပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းကစလို့ ဒီ ၁၄ မြို့နယ်မှာ ညနေ ၅ နာရီကနေ ည ၉ နာရီအချိန်အတွင်း မီးပြတ်တာမျိုး မရှိတော့ပေမဲ့ ဩဂုတ် ၁၃ ရက် နောက်ပိုင်းကစလို့ ဓာတ်အားစနစ် လိုအပ်ချက်အရ ညပိုင်းတွေကို တရက်ခြားတခါသာ ဓာတ်အားပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်ကို လျှပ်စစ်ဓာတ်အား အဓိကပေးပို့နေတဲ့ မြင်းခြံခရိုင်အတွင်းက Sembcorp ကုမ္ပဏီပိုင် မဂ္ဂဝပ် ၂၂၅ ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တောင်သာမြို့နယ်အတွင်းက ဓာတ်အားခွဲရုံတွေအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဩဂုတ် ၁၂ ရက်နေ့မှာပဲ ဒီစက်ရုံတွေ ရပ်နားထားရပြီး အရှေ့ပိုင်းခရိုင်အတွင်းမှာ လျှပ်စစ်ဓာတ်အားလျှော့ပေးဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတဦးက “တနိုင်ငံလုံးဆို မဂ္ဂါဝပ် ၇,၂၀၀ ကျော်လောက် လိုတယ်။ အခုက ၂,၈၀၀ လောက်ပဲ ထုတ်နိုင်တယ်။ ရွှေလီလိုင်းဘက်ကလည်း မီးမဝင်တော့ဘူး ကြာပြီ။ မြင်းခြံ GT (သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်စက်ရုံ) က ၂၂၅ မဂ္ဂါဝပ်ပါ ရပ်ထားရတဲ့ အနေအထားပါပဲ။ အဲဒီရုံက တနိုင်ငံလုံးက GT ထဲမှာတော့ ဝပ်အများဆုံးပဲ” လို့ ပေြာပါတယ်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ချက်အရ တနေ့တာ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၈၀၇ ဒသမ ၅ မဂ္ဂါဝပ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ်က ရပ်ကွက် ၅ ခုမှာလည်း ဆင်မလိုက်ဓာတ်အားခွဲရုံ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ် ၁၃ ရက်မှာ လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားပါတယ်။