Home
မြန်မာသတင်း
ရန်ကုန်တွင် ကန်စွန်းရွက် တစည်းကို ကျပ် ၁၀၀၀ ကျော်လာ
DVB
·
August 14, 2024

ရန်ကုန်မှာ ကန်စွန်းရွက်တစည်းကို ကျပ် ၁၀၀၀ ကျော်လာပြီး အခြေခံစားသောက်ကုန်တွေလည်း နေ့စဉ်‌ ဈေးတက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင်လက ဝန်ထမ်းတွေကို လစာတွေတိုးမြှင့်‌တဲ့အချိန်နဲ့ အခုတနေ့တာ လုပ်အားခကို ကျပ် ၆,၈၀၀ အဖြစ် တိုးမြှင့်သတ်မှတ်ပြီးတဲ့နောက် ရန်ကုန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ နေ့စဉ် ဈေးတက်နေပြီး ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀ ကျော်လောက်ပေးနေရပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။’

မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက  “အခုနောက်ပိုင်း ပိုဆိုးလာတယ်။ ကန်စွန်းရွက်တစည်းကို ၁၁၀၀၊ ၁၂၀၀ ပေး‌ဝယ်နေရပြီ။ တစည်းမှာ အရင်က ဆယ်ပင် ပါတယ်ဆိုရင် အခုဈေးတက်တာတောင် ၇ ပင်၊ ၈ ပင်လောက်ပဲ ပါတော့တယ်။ တခြားကုန်စ္စည်းတွေလည်း ဈေးတက်တာပဲ။ မျက်လုံးခေါက်ဆွဲထုပ်တထုပ်ကို ၁,၅၀၀၊ ယိုးဒယား ချဉ်စပ်ခေါက်ဆွဲဘူး ဆိုရင်လည်း ၂,၀၀၀ ကျော်သွားပြီ။ အချိုရည်တွေ ဆိုရင်လည်း နေ့တိုင်း ဈေးတက်နေလို့ ဆိုင်တွေမှာ တင်မရောင်းနိုင်တော့တာမျိုးတွေ ဖြစ်လာတယ်” လို့ပြောပါတယ်။

အနည်းဆုံးလုပ်ခလစာကို ကျပ် ၆,၈၀၀ ကို တိုးမြှင့်ပေးပြီးတဲ့နောက် မြန်မာငွေတန်ဖိုး သိသိသာသာ ထိုးကျနေပြီး မြန်မာငွေ ၁ သိန်းကို ဘတ် ၅၀၀ ကျော်လောက်သာ ရရှိတော့ကာ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေဟာလည်း အဆမတန်မြင့်တက်နေပါတယ်။

အဆိုပါအခြေအနေတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် ကုန်စုံဆိုင်တချို့ဟာ ဆက်လက်မရောင်းချတော့ဘဲ ဆိုင်တွေ ခေတ္တပိတ်ထားရတယ်လို့ အင်းစိန်မြို့နယ်က ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဆက်ရောင်းဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ကုမ္ပဏီချဈေးတွေကိုက တည်ငြိမ်မှုမရှိဘူး။ အတက်ပဲ ရှိတယ်။ ဈေးကျတာ တခုမှမရှိဘူး။ အရက်၊ ဘီယာတွေလည်း ဈေးတက်တာပဲ။ အရင်က ဘီယာတပုလင်းကို ၂၅၀၀ ရောင်းတယ်။ ကုမ္ပဏီက တခေါက် လာချရင် ၁၀၀ တက်တယ်ထား။ ကိုယ်လည်း လိုက်တက်ရောင်းရတော့တာပေါ့။ အခုနောက်ပိုင်းဆိုရင် ကိုယ်ကတောင် မမှာရသေးဘူး၊ ဈေးက တက်နေပြီ။ အဲဒါကြောင့် ဆိုင် ခဏပိတ်ထားရတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရန်ကုန်ကို ဂေါ်ဖီထုပ် အဝင်နည်းတာကြောင့် ဂေါ်ဖီထုပ်အကြီး တထုပ်ကို ကျပ် ၁၀,၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်လာချိန်အထိ ပြည်သူတွေဟာ ဆန်ဈေးကြီးမြင့်မှု၊ စားသုံးဆီဈေး ကြီးမြင့်မှု၊ စက်သုံးဆီဈေးကြီးမြင့်မှု၊ ကုန်စိမ်း၊ အသား ငါး ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013