Home
မြန်မာသတင်း
မိုးမောက် ခမရ ၄၃၇ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
DVB
·
August 19, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရဲ့ ရှေ့တန်းခံစစ်ဖြစ်တဲ့ မိုးမောက်မြို့က ခမရ ၄၃၇ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီခွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက်ရရှိပြီလို့ မိုးမောက်ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စခန်းသိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေပြီး မြေပြင်မှာလည်း ကချင်တပ်ဖွဲ့တွေက  နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“သိမ်းပိုက်ရရှိတာကတော့ အခုန ၁ နာရီခွဲမှာ တပ်ထဲဝင်ပြီး သိမ်းပိုက်ရရှိပြီ။ အခုအချိန်ထိတော့ နယ်မြေရှင်းလင်းရေး ဆက်ပြီးဆောင်ရွက်နေတယ်။ အခု လေယာဉ်လည်း ဆက်ပြီး လာနေတုန်း၊ လေယာဉ်ကလည်း အရင်က မတွေ့ဖူးတဲ့ လေယာဉ်တွေလည်း အများကြီး လာပစ်တယ်။”

ခမရ ၄၃၇ စခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေး လွတ်မြောက်သွားသူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၁၉ ရက် မနက်ပိုင်းကလည်း ဗန်းမော်ဘက်ကနေ မိုးမောက်မြို့ကို တက်လာတဲ့ စစ်ကောင်စီ သံချပ်ကာ ၂ စီးနဲ့ ထရပ်ကား ယဉ်တန်းထဲက သံချပ်ကာကား ၁ စီးနဲ့ ထရပ်ကား ၃ စီးကို ကချင်လွတ်မြောက်ရေးတပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး DVB က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဗန်းမော်မြို့ပတ်ဝန်းကျင် မံစီမြို့နဲ့ ဗန်းမော်မြို့ကြားက ဗန်းမော်မြို့အတွက် ခံစစ်ပြုလုပ်ထားတဲ့ ကောင်ဂျာယန်ကျေးရွာနားက စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်က ဩဂုတ် ၁၈ ရက်မှာ စတင်တိုက်ခိုက်နေတယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

မိုးမောက်မြို့ ခမရ ၄၃၇ စစ်ကောက်စီတပ်စခန်းကို မေလအတွင်း တကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် တလကျော် ရပ်နားကာ ဇူလိုင် ၂၃ ရက်မှာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် တလအကြာမှာ သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013