စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ထဲက ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ စစ်ရှောင်ခဲ့ရပြီး မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတာကြောင့် မြို့ခံတွေ ပြန်မနေရဲသေးဘဲ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ် ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၈ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာပါ။
ဒါပေမဲ့ ၁၈ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေအပြင် Mi-17 နဲ့ ၂ သုတ်ခွဲပြီး စစ်ကူ ၁၄၀ လောက် ပို့ဆောင်ခဲ့တာကြောင့် PDF တွေဘက်က တပ်ပြန်ဆုတ်ခဲ့ပါတယ်။
ဒါကြောင့် ဒီပဲယင်းမြို့ပေါ်က ဒေသခံတွေအပြင် လက်နက်ကြီး လက်တကမ်းအကွာက မြို့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီပြီး စစ်ရှောင်နေရတာပါ။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက “စစ်ဘေးရှောင်က ကျနော်တို့ တွက်ကြည့်မယ်ဆိုရင် ခန့်မှန်းခြေပေါ့နော်၊ အတိအကျတော့ ကျနော်တို့လည်း စစ်တမ်းကောက်ထားတာမျိုး မဟုတ်ဘူးပေါ့နော်။ ၁၀ ရွာနီးပါးလောက်တော့ ရှိမှာပေါ့၊ အဲဒီ ၁၀ ရွာနီးပါးဆိုတော့ လူပေါင်း ၅,၀၀၀ ကျော်နဲ့ ၇,၀၀၀ ကြားတော့ရှိမယ်” လို့ ပြောပါတယ်။
ဒေသခံတွေဟာ ဩဂုတ် ၁၅ ရက်ကတည်းက စစ်ရှောင်နေကြတာဖြစ်လို့ ဩဂုတ် ၂၀ အထိဆို ၅ ရက်ကြာ ရှိလာပါပြီ။
အဲဒီထောင်သောင်းချီတဲ့ စစ်ရှောင်တွေကို တခြားကျေးရွာခံတွေက အဓိက ကူညီကျွေးမွေး ထောက်ပံ့နေရတာကြောင့် ဆေးဝါးကုသစောင့်ရှောက်ခွင့် မရရှိကြတဲ့အပြင် ရိက္ခာတွေလည်း လိုအပ်လာပြီလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတချို့ ရှိပေမဲ့ စစ်ကောင်စီတပ်ကူတွေက မြို့ထဲကနေ ထွက်မလာသေးတာကြောင့် တိုက်ပွဲငြိမ်နေပြီး မြို့ထဲက နေရာတချို့ကို မီးရှို့နေတာ တွေ့ရကြောင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်မန်းလေးက ပြောပါတယ်။
96 Soldiers PDF အညာတပ်ခွဲ စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက “စောစောလေးကတော့ စစ်(--) က မြို့ထဲမှာ မီးရှို့နေလို့ မီးခိုးလုံးတက်လာတာ တွေ့တယ်ဗျ။ နေရာတွေ ဘာတွေ အတိအကျတော့ ကျနော်တို့ မသိရသေးဘူးဗျ။ လောလောဆယ်ထိတော့ အရပ်သား ထိခိုက်မှုက မရှိသေးဘူးဗျ။ တိုက်ပွဲတိုက်နေတုန်းက ဖိုက်တာတွေ၊ Mi တွေ၊ Y-12 တွေ ပစ်တာတော့ အဆောက်အဦတွေ ထိခိုက်မှုရှိတယ်။ လုံးဝ အကြီးကြီးထိတာမျိုးတော့ မရှိဘူးဗျ။ ခေါင်မိုးတွေ ပွင့်ထွက်သွားတာမျိုး ဟိုဟာလောက်တော့ ရှိမယ်ဗျ၊ ခန့်မှန်း ၂၀ လောက်တော့ ရှိမယ်ဗျ။ ကျနော်တို့ အချိန်ရခဲ့သလောက် ပတ်ကြည့်ခဲ့သလောက်ပေါ့” လို့ ပြောပါတယ်။
ဒီပဲယင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောခွင့်ရသူကတော့ စစ်တပ်က ကွက်သစ်ရပ်ကွက်ကို မီးရှို့နေတာလို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် ဒီပဲယင်းမြို့ထဲမှာ ခန့်မှန်းခြေ လူ ၃၀ နီးပါးလောက် အိမ်စောင့်ကျန်ရစ်ခဲ့ပြီး အဲဒီထဲက တချို့လည်း ဖမ်းဆီးခံထားရတယ် ကြားပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေ မြို့ပေါ်မှာ တပ်စွဲနေတာကြောင့် အခြေအနေတွေ တည်ငြိမ်လို့ ရွာခံတွေ နေရပ်ပြန်ရင်တောင် မြို့ခံတွေကတော့ ပြန်လို့ရဦးမှာ မဟုတ်သေးလို့ ကူညီပေးကြဖို့ကို ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
စိုးသူအောင်