မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာက စစ်ကောင်စီဂိတ်စခန်းတခုကို သြဂုတ် ၁၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။
မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့တွေ မနက် ၈ နာရီလောက် ရောက်သွားတဲ့အချိန် ဂိတ်ထဲမှာ ဘယ်သူမှမရှိတော့ဘူး။ တောင်သာမြို့ပေါ်ကို ပြန်တက်ပြီး အင်အားပေါင်းတဲ့ သဘောမှာရှိတယ်။ အဲဒါနဲ့ပဲ သူတို့နေခဲ့တဲ့ တဲအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ နတ်စောင့်ကျေးရွာ စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ နတ်စောင့်ကျေးရွာက စစ်ကောင်စီဂိတ်စခန်းကို မီးရှို့ဖျက်ဆီးပြီး အပြန်မှာ ကင်းပတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “နတ်စောင့်ရွာကနေ ပြန်လာတော့ ဇဂျမ်းရွာတောင်ဘက်နားမှာ ကင်းပတ်လာတဲ့ ဟိုဘက်ကကောင်တွေနဲ့ ထိပ်တိုက်တွေ့လို့ နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သူတို့ဘက်က ပြန်ဆုတ်သွားတယ်။ အဲဒီပစ်ခတ်မှုကနေ သူတို့ဆီက ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁ဝ ရက်က စတင်ကာ မြင်းခြံခရိုင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တွေမှာ အထူးစစ်ဆင်ရေးတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မ ကားလမ်းပိုင်းပေါ်က ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဩဂုတ် ၁၈ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ Young Force–UG ကနေ သိရပါတယ်။
Young Force–UG ရဲ့ စစ်ဆင်ရေး တာဝန်ခံတဦးက “စစ်သားနဲ့ ပျူတွေ စုနေတဲ့ဂိတ်ကို ဝင်ပစ်ခဲ့ကြတာပါ။ နှစ်ဖက်ပစ်ခတ်မှုက ၁ နာရီလောက်ကြာတယ်။ ၆ နာရီလောက်မှာ ပြီးသွားတယ်။ သူတို့ဘက်က စစ်သားနဲ့ ပျူ ၆ ကောင်သေတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါဂိတ်စခန်း ပစ်ခတ်မှုကနေ G3 အမျိုးအစား သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Young Force–UG ရဲ့ တာဝန်ခံတယောက်က “အဲဒီရွာက ပျူစောထီခေါင်းဆောင်ရဲ့အိမ်ကို ဝင်စီးတဲ့အချိန် လက်နက်ကြီးနဲ့ အပစ်ခံရလို့ ကျနော်တို့အဖွဲ့တွေဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေကြပါတယ်။ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး” လို့ ပြောပါတယ်။
ညောင်ဂျစ်ပင်ကျေးရွာ၊ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်မှုကို တော်ဝင်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပေါက်)၊ ပေါက်မြို့နယ်-YGF တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀၊ ဗိုလ်မီးတောက်၊ Air Frighter (မြိုင်)၊ KG၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နဲ့အတူ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ က ThuRain-TR အဖွဲ့တွေ အပါအဝင် Young Force UG တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။