မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့တို့က စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေ ရပ်ဆိုင်းသွားပြီလို့ Myingyan Black Tiger မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အခုလ ၁၀ ရက်ကစပြီး မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်တွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ အဆိုပါမြို့နယ်တွေအတွင်းက စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းအများစု ထွက်ပြေးသွားပြီ ဖြစ်တာကြောင့် စစ်အုပ်စုရဲ့ယန္တရား ရပ်ဆိုင်းနေပြီလို့ ဆိုပါတယ်။
ဗိုလ်မိုက်ခဲက “မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာက Non CDM ဝန်ထမ်းတွေက ပုပ္ပား၊ ပုဂံ ညောင်ဦးဘက်တွေကို ပြေးကုန်ကြတာ များတယ်။ နောက်တခုက သံမဏိစက်ရုံပေါ့၊ သံမဏိစက်ရုံ ဆိုရင်လည်း ရပ်ဆိုင်းထားရတယ်။ လုံခြုံရေးအပြည့်နဲ့ အဲဒီအထဲမှာ ပုန်းနေတယ်လို့ သိထားရပါတယ်။ Non CDM ဝန်ထမ်းအားလုံးကိုတော့ မဆိုလိုဘူး။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ထွက်ပြေးသွားကြပါပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ အဆိုပါ မြို့ ၃ မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်တာမျိုး မရှိသေးပေမဲ့ ဟန်ချက်ညီညီ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကာ တောင်သာမြို့မှာ လုံခြုံရေးကင်းလှည့်တဲ့အထဲမှာ မီးသတ်ဝန်ထမ်းတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“နွားထိုးကြီးမှာဆိုရင်လည်း ထိန်းသိမ်းထားနိုင်တာ မရှိသေးဘူး။ စစ်တပ်ဘက်က ပြန်ထိုင်သွားနိုင်တယ်။ မြင်းခြံ၊ နွားထိုး၊ တောင်သာမြို့ဆိုတာထက် မြင်းခြံခရိုင်အတွင်းမှာ ကွက်ကျားကွက်ကျား လှုပ်နေတယ်။ နောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာနိုင်တယ်။ အဲဒါကြောင့် ဒီကောင်တွေအတွက် စခန်းထဲမှာလည်း မလုံခြုံတော့ဘူး။ စခန်းအပြင်ထွက်ရင် ပိုဆိုးတဲ့ အနေအထားပေါ့” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံတို့မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်၊ ရဲစခန်းတို့မှအပ ကျန်တဲ့ဌာနဆိုင်ရာအားလုံး ရပ်ဆိုင်းနေပြီလည်း ဖြစ်ပါတယ်။
မြင်းခြံခရိုင်က မြို့နယ် ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့နောက် နယ်မြေချင်းထိစပ်နေတဲ့ မလှိုင်မြို့က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မိတ္ထီလာမြို့ကို ပြောင်းရွှေ့သွားကာ အခြားရုံးဌာနတွေလည်း ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ မလှိုင်မြို့ခံတွေဆီ သိရပါတယ်။