မြန်မာပြည်သူတွေအတွက် အွန်လိုင်း သတင်းအချက်အလက် အသုံးပြုခွင့်ဟာ အမြဲ ကန့်သတ်ခံခဲ့ရပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဆိုနိုင်တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ဝန်းကျင် ကာလအတွင်းမှာပင် အကန့်အသတ်တွေ ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှမှာရှိတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဒီဂျစ်တယ် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက နှောင့်နှေးခဲ့တာကြောင့်လည်း ပါပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲမှုနှုန်း ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုမီဒီယာ အသုံးပြုသူဦးရေ ၁၅ သန်း ရှိချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အင်တာနက်သုံးစွဲမှုနှုန်း ၈၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး လူမှုမီဒီယာ အသုံးပြုသူ ၅၂ သန်းကျော် ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ ဆိုက်ဘာရပ်ဝန်းဟာ စည်းမျဉ်းတွေနဲ့ ပိုမိုတင်းကျပ်ခြင်း ခံခဲ့ရပါတယ်။
အာဏာသိမ်းပြီး မကြာခင်မှာပဲ စစ်ကောင်စီဟာ အင်တာနက်လို့ ပြောလိုက်ရင် အဲဒါကိုပဲ သိကြတဲ့အထိ လူသုံးများတဲ့ Facebook အပါအဝင် တခြားဝက်ဘ်ဆိုဒ်တွေနဲ့ အပြန်အလှန် စာပို့ စကားပြောလို့ရတဲ့ အက်ပလီကေးရှင်းတွေ အသုံးခွင့်ပြုကို ပိတ်ပင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် စီးဆင်းမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ပါ။
အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်ရေး နည်းလမ်းတခုအဖြစ် virtual private networks လို့ခေါ်တဲ့ VPN အက်ပလီကေးရှင်းတွေကို သုံးစွဲလာရပါတယ်။
VPN အက်ပလီကေးရှင်းတွေဟာ ကြားလူဝင်ကြည့်လို့မရနိုင်တဲ့ သီးသန့်ကွန်ရက်တခုကို ထောက်ပံ့ပေးပြီး အသုံးပြုသူဟာ မြန်မာနိုင်ငံက ဖြစ်ပေမဲ့လို့ တခြားနိုင်ငံတခုက အင်တာနက်ကို အသုံးပြုနေသလိုမျိုး ထင်မှတ်စေတဲ့ ကုဒ်ဝှက်လမ်းကြောင်းတခုကို ဖန်တီးပေးပါတယ်။
အောက်ကပုံလေးကတော့ မြန်မာပြည်သူတွေအကြား VPN တွေ ဘယ်လောက် ရေပန်းစားသလဲဆိုတာ သရုပ်ဖော်ထားတဲ့ပုံလေး ဖြစ်ပါတယ်။
ဖုန်းထဲမှာ VPN အက်ပလီကေးရှင်း ၂၀ လောက်တွေ့ရင် မြန်မာနိုင်ငံသားလို့ ရုပ်ပြောင်ထားပေမဲ့ တကယ့်လက်တွေ့ဘဝမှာလည်း VPN တွေ အများကြီး သုံးနေရဆဲပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ဖုန်းထဲမှာ ပျမ်းမျှအားဖြင့် VPN အက်ပလီကေးရှင်း ၅ ခုလောက် ထည့်သွင်း အသုံးပြုနေရတယ်လို့ ဒီဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။
VPN တားမြစ်အရေးယူမှု
အခုနှစ်၊ မေလကုန်နဲ့ ဇွန်လ အစောပိုင်း ကာလအတွင်းမှာ စစ်ကောင်စီဟာ VPN အသုံးပြုမှု နှိမ်နင်း အရေးယူတာတွေကို အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်ခဲ့တဲ့အကြောင်း ဆိုက်ဘာ ပညာရှင်တွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
မေလကုန်မှာ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနဟာ Facebook, Instagram, WhatsApp နဲ့ VPN ဝန်ဆောင်မှုတွေ အသုံးပြုမှုကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တားမြစ်ကန့်သတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့တယ်လို့ Voice of America (VOA) သတင်းဌာနကလည်း အစီရင်ခံ ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက မူကြမ်းရေးဆွဲခဲ့ပြီး အပြည့်အဝ အတည်မပြုရသေးတဲ့ ဆိုက်ဘာ လုံခြုံရေး ဥပဒေအရလို့ ခေါင်းစဉ်တပ်ကာ စစ်တပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ ဖုန်းတွေထဲမှာ VPN ရှိ မရှိ ရှောင်တခင် စစ်ဆေးရှာဖွေတာတွေနဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်တင်ပြခွင့်နဲ့ သတင်းအချက်အလက် ရရှိခွင့် အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးနိုင်ပေမဲ့ VPN ဝန်ဆောင်မှုတွေ တားမြစ်ရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ ပြည်သူတွေ အွန်လိုင်းအသုံးပြုမှုကို ဟန့်တားနိုင်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မလွယ်ကူတဲ့အရာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ စစ်ကောင်စီရဲ့ VPN တားမြစ်ပိတ်ပင်မှု လုပ်ရပ်ဟာ သတင်းအချက်အလက် ဒါမှမဟုတ် လူမှုချိတ်ဆက်မှုတွေ အဆက်အသွယ် မပြတ်စေဖို့ အသည်းအသန် ကြိုးပမ်းနေကြတဲ့ ပြည်သူတွေကို ဆိုက်ဘာအန္တရာယ်တွင်းထဲ ရောက်အောင် တွန်းပို့ပေးလိုက်သလိုပါပဲ။
အသစ်ထွက်ရှိတဲ့ အခမဲ့ VPN ဝန်ဆောင်မှု မျိုးစုံနဲ့ သက်ဆိုင်တဲ့ လမ်းကြောင်းတွေအဖြစ် လိမ်လည်လှည့်ဖြား ကြော်ငြာထားတဲ့ မသမာတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာပညာရှင်များက ပြောကြားခဲ့ပါတယ်။
ဆိုက်ဘာအသွင်ယူ တိုက်ခိုက်မှု
ဆိုက်ဘာအသွင်ယူ တိုက်ခိုက်မှုဟာ ပုံစံမျိုးစုံရှိနိုင်ပြီး အထူးသဖြင့် လူသိများ ထင်ရှားတဲ့ website တွေ၊ email တွေနဲ့ software တွေကို မသမာသူတွေက ပုံစံတူ ပြုလုပ်ကြပါတယ်။
သူတို့အသွင်ယူထားတဲ့ ပုံစံတူ အတုအယောင် ဆော့ဖ်ဝဲတခုခုကို နှိပ်မိမယ်ဆိုရင် အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေ ခိုးယူတာ ခံရနိုင်ပါတယ်။
အာဏာသိမ်းအလွန်ကာလမှာတော့ ဆိုက်ဘာအသွင်ယူ တိုက်ခိုက်ရေးနည်းလမ်းတွေ အသုံးပြုမှုဟာ အထူးအဆန်း မဟုတ်တော့တဲ့ကိစ္စလို့ ဆိုရမှာပါ။ စစ်တပ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဆိုရင် telegram နဲ့ email တွေကနေတဆင့် ဆိုက်ဘာအသွင်ယူ တိုက်ခိုက်မှုတွေကို အမြဲလိုလို ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ဆိုက်ဘာအသွင်ယူ တိုက်ခိုက်မှု လမ်းကြောင်းဟာ သာမန်ပြည်သူတွေကိုပါ ဦးတည်လာခဲ့ပြီး ဆိုက်ဘာအန္တရာယ်ရဲ့ သက်ရောက်မှုဟာ ဒီထက်မက ပိုမို ကျယ်ပြန့်လာနိုင်ပါတယ်။
“ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ အားသာတဲ့အချက်က ကျူးလွန်သူတွေကို ထောက်လှမ်းနိုင်ဖို့ တကယ့်ကို ခက်ပါတယ်။ အဲဒီအားသာချက်ကို ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက် သတိပြုမှုမရှိတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ဆိုက်ဘာရာဇဝတ်သားတွေအတွက် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင်တခုကို ဖန်တီးပေးလိုက်သလိုပါပဲ” လို့ ဒီဂျစ်တယ်ရေးရာ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ UNICEF ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံသားတွေရဲ့ ဒီဂျစ်တယ်ရေးရာ တက်မြောက်မှုစွမ်းရည်ဟာ အာဆီယံ ၁၀ နိုင်ငံမှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒီဂျစ်တယ်ရေးရာ တတ်မြောက်မှုစွမ်းရည် ဆိုတာဟာ ဒီဂျစ်တယ် မီဒီယာ ပလက်ဖောင်းတွေနဲ့ ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာတွေကို ကျွမ်းကျင်စွာ ပေါင်းစပ် အသုံးပြုနိုင်မှု၊ ရှာဖွေနိုင်မှု၊ တွက်ချက်နိုင်မှု စတဲ့ လူတဦးချင်းရဲ့ စွမ်းရည်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေရှိ စာသင်ကျောင်းတွေမှာ ဒီဂျစ်တယ်ရေးရာ ပညာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က စစ်တမ်းကောက်ယူခဲ့ရာမှာ မြန်မာနိုင်ငံမှာတော့ စစ်တမ်းမှာ ပါဝင်သူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ ဒီဂျစ်တယ်ရေးရာ ကျွမ်းကျင်မှုရှိပြီး အခြား အာဆီယံနိုင်ငံတွေမှာတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ရှိကြတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ လူငယ်မျိုးဆက်တွေကို စာသင်ခန်းပြင်ပ ရောက်စေခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုတွေကြောင့် အခုအခါမှာ ဒီဂျစ်တယ်ရေးရာကျွမ်းကျွင်သူ အရေအတွက်ဟာ ပိုပြီးတော့ လျော့နည်းသွားနိုင်ပါတယ်။
မသမာသူများ၏ရန်မှ အကာအကွယ်မဲ့နေကြသည့် နိုင်ငံသားများ
တက်ကြွလှုပ်ရှားသူတွေကိုပဲ အရင်က ပစ်မှတ်ထားခဲ့ရာကနေ အခုအခါမှာ သာမန်ပြည်သူတွေအထိ ဦးတည်လာတဲ့ ဆိုက်ဘာအသွင်ယူ တိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အန္တရာယ်ကို စောင့်ကြည့် ရှင်းလင်း သုတ်သင်ရေး စစ်ကောင်စီ မဟာဗျူဟာရဲ့ တစိတ်တပိုင်း ဖြစ်နိုင်တယ်လို့ CNA သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ပညာရှင်တဦးက ပြောကြားခဲ့ပါတယ်။
နောက်ထပ် ပညာရှင်တဦးကတော့ ဒါဟာ စစ်ကောင်စီနဲ့ တရုတ်အစိုးရတို့ကြား ပူးပေါင်းကြံစည်မှုတခု ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
လူမှုမီဒီယာ ပလက်ဖောင်းတွေ၊ ဝက်ဘ်ဆိုဒ်တွေနဲ့ VPN တွေကို နိုင်ငံသူနိုင်ငံသားတွေ အသုံးမပြုနိုင်အောင် တားမြစ် ပိတ်ပင်ထားမှုရဲ့ သက်ရောက်မှုဟာ ဘယ်လောက် ကြီးမားသလဲဆိုတာ တိုင်းတာဖော်ထုတ်နိုင်ဖို့ ခက်ခဲပြီး ဒါဟာ မြန်မာပြည်သူတွေ နိစ္စဓူဝ ရင်ဆိုင်သွားကြရမယ့် အန္တရာယ်များစွာတွေထဲက တခု ဖြစ်ပါတယ်။
နာမည်ကြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဆိုက်ဘာလုံခြုံရေးကို နည်းလမ်းမျိုးစုံနဲ့ တင်းကျပ်နိုင်တဲ့ အင်အားရှိကြပေမဲ့ သာမန်ပြည်သူတွေကတော့ ဆိုက်ဘာရပ်ဝန်းမှာရှိတဲ့ မသမာသူတွေရဲ့ ဘေးရန်ကနေ အကာအကွယ် မဲ့နေကြဆဲပါ။
ဥပမာအနေနဲ့ အောက်မှာပြသထားတဲ့ ရုပ်ပုံဟာ Free VPN in Myanmar လို့ခေါ်တဲ့ Facebook page ကို မျှဝေထားတဲ့ post တခုဖြစ်ပြီး အခမဲ့ VPN တွေရဲ့ အန္တရာယ်တွေကို ထင်သာမြင်သာစေတဲ့ ရုပ်ပုံလေးဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ အဲဒီရုပ်ပုံလေးဟာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေဆဲဖြစ်တဲ့ အခမဲ့ VPN တွေနဲ့ ငွေပေးချေသုံးရတဲ့ VPN ကြော်ငြာ post တွေရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရပါတယ်။
နိဂုံးချုပ်အနေနဲ့ဆိုရရင် နိုင်ငံကို အာဏာသိမ်းပြီးကတည်းက ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတဲ့ စစ်ကောင်စီအပေါ် အရေးယူ ဆောင်ရွက်တာတွေ မလုပ်နိုင်သေးသ၍ ဒီဂျစ်တယ်အရေးကိစ္စမှာလည်း အဖြေရှာနိုင်မယ့် အလားအလာ မရှိပါဘူး။
မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဆိုက်ဘာအန္တရာယ်ကို အကာအကွယ်ပေးနိုင်ဖို့ဆိုရင် စစ်ကောင်စီကို ဖိအားပေးနိုင်မယ့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဘက်ပေါင်းစုံနဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုတွေ လိုအပ်နေပါကြောင်း …။
ဒေါက်တာ ဆူရချာဏီဆရီယိုင်
Source: Fulcrum/CNA/ ISEAS – Yusof Ishak Institute