စစ်ကောင်စီဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို စစ်ခေါင်းဆောင်က သြဂုတ် ၁၆ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အပါအဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
ကက(ကြည်း)ရုံးနဲ့ နီးစပ်သူတဦးက “ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကိုလေးက ဒုဥက္ကဋ္ဌ ၁၊ ဗိုလ်ချုပ်တိုးရီက ဒု-ဥက္ကဋ္ဌ ၂၊ ကျန်တာက ဒု-တိုင်းမှူးတွေနဲ့ နယ်လုံဝန်ကြီးတွေ” လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ရာထူးတိုးပြီး နောက်ရက်မှာ စစ်ခေါင်းဆောင်ကို တင်ပြပြီး နယ်စပ်ဒေသတလျှောက် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို အကူအညီပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ကက(ကြည်း)ရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး ဗဟိုအဖွဲ့ကို ဒုတိုင်းမှူး၊ နယ်လုံဝန်ကြီး၊ ရဲချုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်ဦးစီးမှူး၊ ထွေအုပ်၊ မီးသတ်၊ ပြည်သူ့စစ်အဖွဲ့၊ ရပ်ကျေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး(ဗဟို) ကြီးကြပ်ကွပ်မှုအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ စစ်နည်းဗျူဟာတွေ ရေးဆွဲတာ၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးတာနဲ့ ထိရောက်တဲ့ စစ်ရေးအကူအညီတွေ ပေးရမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေပေမဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေက နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။