Home
မြန်မာသတင်း
တောင်သာတွင် ဗုံးခိုကျင်းတူးရန်နှင့် မဲဇလီရဲစခန်းအနီးက အိမ်များရွှေ့ပြောင်းရန် PDF ထုတ်ပြန်
DVB
·
August 17, 2024
Photo Crd-တောင်သာ ပကဖ တပ်ဖွဲ့ဝင်တဦး

မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်၊ မဲဇလီကျေးရွာရဲစခန်းနားမှာ နေထိုင်တဲ့ပြည်သူတွေ ရွှေ့ပြောင်းကြဖို့ မင်းဘူးခရိုင်အမှတ်-၇ တပ်ရင်း ပွင့်ဖြူ PDF က ထုတ်ပြန်ပြီး မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲမှာ ပြည်သူတွေ ဗုံးခိုကျင်းတွေတူးထားကြဖို့ တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

ပွင့်ဖြူမြိုနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ မဲဇလီကျေးရွာ ရဲစခန်းမှာ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ လောက် အထိုင်ချတပ်စွဲထားပြီး အနားမှာနေတဲ့ ပြည်သူတွေ ရွှေ့ပြောင်းကြဖို့အတွက် ပွင့်ဖြူ PDF က ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲဇလီရဲစခန်းနဲ့ အနီးတဝိုက်မှာ စစ်ဆင်ရေးတွေ ဖြစ်လာနိုင်တဲ့အတွက် ရဲစခန်းအနီး နေထိုင်တဲ့ပြည်သူတွေကို ဩဂုတ် ၁၆ ရက်နေ့ကစပြီး ရွှေ့ပြောင်းနေထိုင်ပေးဖို့ အသိပေးထားတာပါ။

ပွင့်ဖြူ PDF တာဝန်ရှိသူက “မဲဇလီရွာရဲ့ မြောက်ဘက် မြောင်းဘောင်ဘေးမှာ ရဲစခန်းရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့က အင်အားတွေတိုးချဲ့တယ်၊ ဖြည့်တင်းတယ်။ လက်နက်ကြီးတွေ ထိုင်ထားတဲ့အခါကျတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် ရွှေ့ပြောင်းဖို့ ထုတ်ပြန်ရတာပါ” လို့ ပြောပါတယ်။

မဲဇလီကျေးရွာဟာ လူနေအိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး ပုသိမ်-မုံရွာလမ်းမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်တာတွေ လုပ်ဆောင်နေလို့ တော်လှန်ရေးအင်အားစုတွေက ဖြတ်တောက်ထိန်းချုပ်ထားတယ်လို့ မင်းဘူးခရိုင် အမှတ်-၇ တပ်ရင်းဆီက သိရပါတယ်။

ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်ကြားကိုလည်း မဲဇလီရဲစခန်းက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတဲ့အတွက် ဝန်လို၊ ခိုနန်း၊ ရေယာဉ်၊ မုံညှင်း စတဲ့ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ်တိမ်းရှောင်နေရပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက် နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့ သတိပေးထားတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အခုတလော ကျနော်တို့ တောင်သာမြို့နယ်ထဲက ကျေးရွာတွေနဲ့ပတ်၀န်းကျင်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ အလွန်အကျွံအသားလွတ်ဗုံးကြဲပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့အတွက် ပြည်သူတွေထဲက ဒဏ်ရာရသူတွေရှိသလို ပြည်သူတွေရဲ့ အိုးအိမ်တွေလည်း ပျက်စီးကြရတယ်။ အဲဒါကြောင့် ဗုံးခိုကျင်းတွေတူးကြဖို့ တိုက်တွန်းရတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ သြဂုတ် ၁၁ ရက်နေ့ ညပိုင်းမှာ တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာအုပ်စု၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းကြီးကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင် ၃ ဆောင်ပျက်စီးသွားပြီး သြဂုတ် ၁၄ ရက်နေ့၊ ညပိုင်းမှာလည်း တောင်သာမြို့မြောက်ဘက်က ဆည်ကုန်းမြောက်ကျေးရွာကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ရွာခံမိသားစုဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အခုအချိန်ဟာ စစ်ရေးအရှိန် မြင့်သထက်မြင့်လာတဲ့ကာလဖြစ်သလို မြေပြင်အင်အားနည်းနေတဲ့စစ်တပ်က လေကြောင်းကိုပဲ အားကိုးပြီး တိုက်ခိုက်တာတွေ ပိုမိုပြုလုပ်နေလို့ ပြည်သူတွေ ထိခိုက်မှုနည်းအောင်လို့ အခုလို တိုက်တွန်းရတာလည်း ဖြစ်ပါတယ်။ မကျန်းမာသူတွေနဲ့ အသက်ကြီးဘိုးဘွားတွေသာရှိတဲ့ အိမ်တွေအနေနဲ့လည်း ဗုံးခိုကျင်းတူးဖို အခက်အခဲဖြစ်ရင် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေဆီမှာ အကူအညီတောင်းခံနိုင်တယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၁၀ နေ့ကစတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် ထိုးစစ်ဆင် တိုက်ပွဲတွေဖော်ဆောင်နေပြီး တောင်သာမြို့နယ်က စစ်ကောင်စီ တပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစခန်း၊ စွပ်ကျယ်စက်ရုံ တပ်စခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ ဘုရားလှပျူစောထီးကျေးရွာတပ်စခန်းတွေကို သြဂုတ် ၁၂ ရက်နေ့မှာ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013