Home
မြန်မာသတင်း
တောင်သာမြို့က စစ်တပ်စခန်း ၄ ခုကို PDF ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကိုဝိုင်းထား
DVB
·
August 13, 2024

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ နေရာ ၄ ခုကို သြဂုတ် ၁၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “စစ်သားတွေ တပ်စွဲနေတဲ့ စွပ်ကျယ်စက်ရုံစခန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစခန်းတွေကို ဝင်တိုက်တော့ အဲဒီမှာ တပ်စွဲနေတဲ့ကောင်တွေ ထွက်ပြေးသွားကြလို့ သူတို့နေခဲ့တဲ့ အဆောက်အဦတွေကိုတော့ မီးရှို့ခဲ့လိုက်တယ်” လို့ DVB ကို ပြောပါတယ်။

တောင်သာမြို့နယ်ရှိ စစ်ကောင်စီ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ စွပ်ကျယ်စက်ရုံ တပ်စခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ ဘုရားလှ ပျူစောထီးကျေးရွာ တပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မတိုက်ရသေးဘူးနော်၊ သူတို့တွေ ထွက်ပြေးသွားကြတာ။ သူတို့ဘက်က စစ်ကူလာနိုင်မယ့် လမ်းကြောင်းတွေကိုလည်း ကျနော်တို့ တပ်ပေါင်းစုတွေက ပိတ်ဆို့ထားသလို မြို့ကိုလည်း ဝိုင်းထားပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစခန်းနဲ့ ဘုရားလှ ပျူရွာကို တိုက်တော့ သူတို့ဘက်က သေတာတွေ များတယ်။ အဲဒါကြောင့် ကျန်တဲ့ကောင်တွေ ထွက်ပြေးသွားကြတာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမှု အခြေအနေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သာမြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အတွက်ကြောင့် ဒေသခံပြည်သူတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ တောင်သာမြို့ခံတဦးက “မြို့ပေါ်က လူတဝက်လောက်ကတော့ ပြေးကုန်ပြီ။ ရုံးပေါင်းစုံထဲက စစ်သားတွေက ထွက်ပြေးရင်း ပစ်လို့ မြို့က ပြည်သူ ၂ ယောက် ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်ကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) ကာလအတွင်း မိဘပြည်သူတွေအနေနဲ့ မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-တောင်သာ လမ်းပိုင်းတွေကို လတ်တလောအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံထားတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

သြဂုတ် ၁၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာအုပ်စု၊ ပြဿဒ်ကြီးကျေးရွာက ကမ်းပါးယံဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင် ၃ ဆောင် ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024