ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီဟာ မြို့အတွင်းဝင်သူတွေကို မှတ်ပုံတင်မပါပါက ငွေကျပ် ၃၀,၀၀၀ တောင်းခံနေတယ်လို့ သိရပါတယ်။
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့က မြို့အဝင်တံတားကို လမ်းပိတ်ကာ လမ်းလေးခွမှာဂိတ်ချပြီး မြို့အတွင်း ဝင်ရောက်သူတွေကို စစ်ဆေးနေသလို မှတ်ပုံတင်မပါသူတွေထံက ငွေကျပ် ၃၀,၀၀၀ အထိ တောင်းခံနေတယ်လို့ ငရုတ်ကောင်းမြို့ ခံတွေက ပြောပါတယ်။
“ဒီနေ့မှ ရုတ်တရက်ကြီး တံတားကိုပိတ်ချပြီး ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေကြတာ။ မြို့ခံတွေက ခါတိုင်းသွားနေကျဆိုတော့ မှတ်ပုံတင်ထည့်ပြီး မသွားကြဘူးလေ။ အဲ့ဒီတော့ ဖြတ်သမျှလူတိုင်း အကုန်ပေးရတာ။ မပါရင် ပါသလောက် အကုန်ပေးခဲ့ရတာ” လို့ ငရုတ်ကောင်းမြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ငရုတ်ကောင်းမြို့အတွင်း စစ်ကောင်စီက လှည့်လည်စစ်ဆေးခဲ့ပြီး ငရုတ်ကောင်းမြို့ကနေ သစ်ရောင်းဘက်ကိုလည်း လှည့်ကင်းပတ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီး တိုက်ပွဲတွေဖြစ်လာပြီးတဲ့နောက် ဂွမြို့က စစ်ရှောင်ပြည်သူတွေဟာ ရွှေသောင်ယံ၊ ပုသိမ်၊ ငရုတ်ကောင်းမြို့ဘက်တွေအထိ စစ်ဘေးရှောင်လာတာကြောင့် အခုလို ဂိတ်တွေဖွင့်ပြီး စစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေက ခန့်မှန်းပါတယ်။
ရွှေသောင်ယံမြို့ခံတဦးက “အခုရက်ပိုင်း အတော်ခြေရှုပ်နေကြတာ။ ဖမ်းဆီးတာတွေလည်း လုပ်တယ်။ တောင်ရိုးတွေပေါ် မတက်ဖို့တွေလည်း ပြောတယ်။ ဂွက ဆင်းလာတဲ့ တပ်မိသားစုတွေကို နတခ(ပုသိမ်)ဘက်ကို ပို့နေကြတယ်။ အဲ့ဒါကြောင့် စစ်ဆေးရေးလုပ်ပြီး ငွေတောင်းနေကြတာထင်တယ်” လို့ ပြောပါတယ်။
ဂွမြို့က စစ်ရှောင်ပြည်သူတွေဟာ ဩဂုတ် ၉ ရက်ကစပြီး ဧရာဝတီတိုင်းဘက်ကို စစ်ဘေးရှောင်လာကြကာ အဲ့ဒီအထဲက လူငယ်၊ လူလတ်ပိုင်းတွေဆိုရင် ပုဆိုးခါးတောင်းကျိုက်ခိုင်းပြီး စစ်ဆေးတာမျိုးတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။