မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးတာတွေ့တဲ့အတွက် လှည့်ပြန်တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်တာကြောင့် မောင်းပြေးတဲ့အချိန်မှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့၊ ရွှေစာရံဘုရားအနီးမှာ ဩဂုတ် ၈ ရက် ည ၇ နာရီခွဲက စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ပြီး ဆိုင်ကယ်ပြန်လှည့်မောင်းပြေးတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
သေနတ်နဲ့ပစ်တာကြောင့် ကြောက်လန့်ပြီး အရှေ့ကမောင်းနေတဲ့ ကုန်ကားကို ကျော်တက်တဲ့အချိန် မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်နဲ့တိုက်မိပြီး ကုန်ကားအောက်ထဲ ဝင်သွားတာကြောင့် အသက် ၃၀ ကျော် ဆိုင်ကယ်သမား သေဆုံးခဲ့ပြီး တဖက် ဆိုင်ကယ်သမားမှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
သထုံဒေသခံတဦးက “သူက ဗလီလမ်းကနေ အဝိုင်းဘက်ကို လာတဲ့အချိန် ရွှေစာရံဘုရားနားမှာ စစ်နေတဲ့ စစ်သားတွေကိုတွေ့ပြီး ပြန်လှည့်ပြေးတာ။ အဲဒါကို စစ်သားတွေက သေနတ်နဲ့ပစ်ကြတာ။ သူကလည်း ရှေ့ကကုန်ကားပါကျော်ပြီး မောင်းပြေးတာ။ အဲဒီမှာ တဖက်က ကောင်လေးတယောက် မောင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်ပြီး သူက ကားအောက်ထဲဝင်သွားပြီး ပွဲချင်းပြီး သေသွားတာ။ တဖက်ဆိုင်ကယ်က ကောင်လေးလည်း မျက်နှာ၊ ရင်ဘတ်၊ လက်၊ ခြေထောက်တို့မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၃၀ ကျော် အမျိုးသားနဲ့ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားတို့ကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
သထုံမြို့ထဲမှာ အခုတပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက မြို့တွင်းနေရာတွေမှာ စစ်ဆေးရေး တင်းကျပ်နေတဲ့အပြင် ကင်းလှည့်နေတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။