Home
မြန်မာသတင်း
ဂွ၊ ပေါက်၊ ယင်းမာပင်၊ တနင်္သာရီနှင့် ပုသိမ်ကြီးတွင် စစ်တပ်ကဗုံးကြဲသဖြင့် ပြည်သူများ သေဆုံး ဒဏ်ရာရ
DVB
·
August 8, 2024
Photo Crd-GNA

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးက ကျေးရွာ ၂ ရွာကို ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်၊ စေတီကွင်းကျေးရွာနဲ့ ကျောက်ခေါင်းကွင်းကျေးရွာ ၂ ရွာကို ဩဂုတ် ၈ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်ကွင်းကျေးရွာက အမျိုးသမီးတဦး သေဆုံးပြီး နောက်ထပ် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို စေတီကွင်းကျေးရွာမှာလည်း အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဂွဒေသခံတဦးက ပြောပါတယ်။

“မနက်ပိုင်း ၂ နာရီလောက် လူတွေ အိပ်ကောင်းနေချိန်မှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်အထိ လာပစ်သွားတာလို့ သိထားရတယ်။ ကျနော်တို့ သိထားရသလောက် ကျောက်ခေါင်းကွင်းမှာ အမျိုးသမီး သေဆုံးခဲ့ပြီးတော့ နောက်ထပ် ကျေးရွာသား ၇ ဦးအထိ ထိခိုက်ဒဏ်ရာ ရသွားတယ်။ နောက် စေတီကွင်းမှာလည်း အမျိုးသမီး ၂ ဦး ထိခိုက်မှုရှိတယ်လို့ ကနဦးသိထားရတယ်။”

လက်ရှိမှာ ဒဏ်ရာရထားတဲ့သူတွေ နီးစပ်ရာ ဆေးခန်းတခုမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို DVB က စုံစမ်းနေဆဲဖြစ်ပါတယ်။

ဂွမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိသေးဘဲ စစ်ကောင်စီက မိုင်းထောင်တာတွေ၊ လက်နက်ငယ် ပစ်ခတ်တာတွေနဲ့ အခု လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သံတွဲမြို့နယ်အတွင်းမှာ အခြေအနေ မဟန်တော့တာကြောင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဂွဘက်ကို ရောက်ရှိလာမှာကို စိုးရိမ်ပြီး ဂွမြို့နယ်အတွင်းမှာ စစ်ရေးတိုက်ခိုက်လာတာလို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“သံတွဲက စစ်ကောင်စီအတွက် အခြေအနေလုံးဝကို မဟန်တော့ဘူး။ မောင်ရွှေလေး ရေတပ်ကလည်း နေ့ ကျမှာလား ည ကျမှာလား အခြေအနေဖြစ်နေပြီ။ အဲဒါကြောင့် စစ်ကောင်စီက AA ရဲ့ ထိုးစစ် ဂွဘက်ကို ရောက်ရှိလာမှာကို အထူးစိုးရိမ်နေပြီး သူတို့ မသင်္ကာတဲ့ ဂွမြို့နယ်က ကျေးရွာတွေကို စစ်ရေးအရ တိုက်ခိုက်လာတာဖြစ်တယ်။”

ဂွမြိုနယ်အတွင်းမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ရေကြောင်းကနေတဆင့်လည်း စစ်အင်အား ဖြည့်တင်းမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာ ၂ ရွာမှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပြီး ကျေးရွာသားတွေဟာ အလွန်တရာ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကမ္ဘားဖြူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းကို သြဂုတ် ၇ ရက်နေ့၊ မနက် ၁၀ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကိုရင် ၁ ပါးပျံတော်မူပြီး ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြကာ ကျောင်းအဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “အခုတလော ဒီနားပတ်ချာလည်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ အကြောင်းမဲ့သက်သက်ကြီး ဗုံးလာကြဲသွားတာပါဗျာ။ ပေါင် ၅၀၀ ဗုံးဖြစ်ဖို့များတယ်။ ကျောင်းက ကိုရင် ၁ ပါးပျံတော်မူသွားတယ်။ ဒေသခံရွာသား ၁၀ ယောက်ကျော်လောက် ဒဏ်ရာရကြတယ်။ ကျောင်းဆောင်တွေကတော့ အကုန်နီးပါးပျက်စီးကုန်တယ်” လို့ DVB ကို ပြောပါတယ်။

ဒဏ်ရာရရှိကြသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆေးတပ်သားတွေက ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရတဲ့ ရွာသစ်စုကျေးရွာအပြင် ပေါက်မြို့နယ်က ကျေးရွာအများစုကို စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က အညာဒေသ စစ်ဆင်ရေးအဖြစ် ဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဟာ ပေါက်မြို့နယ်က ကပစ ၂၄ ကို ဒရုန်းနဲ့ဗုံးသီးအလုံး ၁၀၀ ကျော်အပြင် ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်မြို့ဒေသခံတဦးက “အဲ့ဒီတိုက်ခိုက်မှုက သူတို့ဘက်က အတော်လေးအထိနာတယ်။ ထိခိုက်ပျက်စီးတာ များတယ်လို့လည်း သိရတယ်။ အဲ့လို တိုက်ခိုက်ခံရလို့ဖြစ်မယ်၊ စစ်ကောင်စီက ပေါက်မြို့နယ်ထဲက ကျေးရွာတွေကိုမဲပြီး လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်” လို့ ပြောပါတယ်။

ပေါက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ၀င်ရောက်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေ များပြားနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၇ ရက် ညနေ ၃ နာရီ ၅၀ မှာ အောင်ဇေယျမြို့သစ်ကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

အောင်ဇေယျမြို့သစ်ကုန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ ထန်းတောကြီးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ ၆ ဦးထဲက အမျိုးသား ၁ ဦးက ဆေးကုသမှုခံယူရင်း ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်ဒေသခံတဦးက “ထန်းတောကြီးရွာ အရှေ့ပိုင်းက ကွမ်းယာဆိုင်ကို လက်နက်ကြီးက ၂ လုံးကျတာဗျ။ ထိတာကတော့ အားလုံး ၉ ယောက်ပေါ့၊ ဖြစ်ဖြစ်ချင်းက ကောင်လေး ၃ ယောက်ဆုံးတယ်၊ ဒီမနက်မှာ တယောက် ထပ်ဆုံးတာပေါ့။ ဆေးကုနေတဲ့ ၅ ယောက်ထဲကလည်း အသက်အန္တရာယ် စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ကွမ်းယာဝယ်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်အရပ်သား အမျိုးသားတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ကျေးရွာတွေကိုလည်း သြဂုတ် ၇ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲရှိ သကျက်ရွာ၊ ဂဏန်းကွင်းရွာ၊ ဆင်ခေါင်းရွာနဲ့ ကျွဲထိန်းကုန်းရွာတွေကို စစ်ကောင်စီက Mi-2 တိုက်ခိုက်ရေးရဟတ်ယာဥ် တစီးနဲ့ K-8Wအမျိုးအစားဂျက်ဖိုက်တာလေယာဥ်တစီးတို့နဲ့ ၁၂၀ မမဗဗုံးသီး အလုံး ၃၀ ခန့် လာကြဲချခဲ့တာလို့ မြိတ်ခရိုင်စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

“ဗုံးသီးတွေက ရွာနဲ့မနီးမဝေးပါ။ လေယာဉ်က ၂ စီးတက်လာတာပါ။ ဗုံးသီးက ၃ဝ ထက်မနည်းဘူး။ လူတဦးပဲ ထိခိုက်ဒဏ်ရာရတယ်။” 

လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျွဲထိန်းကုန်းရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးရဲ့ လက်မောင်းမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး အိမ်မွေးဝက်တကောင်မှာလည်း ထိခိုက်ခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“အဲ့လူက အိမ်အောက်မှာ ဝပ်နေတုန်း ထိတာပါ။ ဒဏ်ရာက မစိုးရိမ်ရပါဘူး၊ အိမ်မွေးနွားတကောင်ထိခိုက်သေးတယ်။” 

ဇူလိုင် ၂ ရက်ကလည်း အနောက်သာရဖုံရွာထဲ Mi-2 ရဟတ်ယာဉ်နဲ့ ဗုံးသီး ၇ လုံးကြဲချခဲ့လို့ ကျောင်းသားတဦး ဒဏ်ရာရသလို ဇူလိုင် ၁၃ ရက်က ပဝရွာနဲ့ အနောက်သာရဖုံရွာကို K-8W ဂျက်လေယာဉ်နဲ့ ဗုံးသီးချပြီး ပွိုင့်ဖိုက်နဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦးနဲ့အမျိုးသမီးတဦးဒဏ်ရာရကာ အိမ်မွေးဝက်တကောင် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင် ၃၀ ရက်နေ့ကလည်း ထိတွေ့တိုက်ပွဲပြင်းထန်‌ခဲ့တဲ့ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ Mi-2 ရဟတ်ယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့ ပြည်သူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာတာ အခုနှစ်အတွင်း သိသိသာသာ များပြားလာပြီးတော့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်တွေကြောင့် အရပ်သားပြည်သူတွေမှာ လေကြောင်းအန္တရယ်ကို စိုးရိမ်ပူပန်နေကြပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်က ဖယောင်းတောင်ကျေးရွာကိုလည်း သြဂုတ် ၆ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ကနေ သိရပါတယ်။

MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ဖယောင်းတောင်ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံ အပြစ်မဲ့ပြည်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇ ဦး သေဆုံးပြီးတော့ အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့ကြတဲ့ ဒေသခံပြည်သူတွေကို MDY PDF ရဲ့ ဆေးတပ်ဖွဲ့ဝင်တွေက ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မြန်မာပြည်သူတွေအပေါ်မှာ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေကို တောက်လျှောက် ကျူးလွန်နေတယ်လို့ MDY PDF ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား ၃၀ နီးပါး တပ်စွဲနေတဲ့ ဖယောင်းတောင်ရွှေတွင်းကို သြဂုတ် ၆ ရက် ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းထားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက် နေ့လယ်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ အတွဲလိုက်ဗုံးသီး (Cluster Bombs) တွေ ကြဲချသွားတဲ့ အတွက်ကြောင့် ဒေသခံပြည်သူ ၁၃ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရသွားခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024