Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်မှုထမ်းအမည်စာရင်း ပါသူများကို စစ်တပ်က ရှာဖွေဖမ်းဆီး
DVB
·
August 9, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်မှုထမ်းအမည်စာရင်း ပါတဲ့သူတွေကို စစ်ကောင်စီက လိုက်လံရှာဖွေ ဖမ်းဆီးနေတဲ့အတွက် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ မြို့ပေါ် ၆ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဩဂုတ် ၇ ရက်ကစပြီး စစ်ကောင်စီတပ်သားတွေက ကား ၂ စီးနဲ့ စစ်မှုထမ်းဖို့ နာမည်စာရင်းတွေပါတဲ့ စာရွက်တွေ ကိုင်ဆောင်ကာ ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ကျိုက်ထိုမြို့ခံတဦးက “စစ်ကားနှစ်စီးနဲ့ စစ်သားတွေ ရဲတွေပဲ လိုက်ရှာတာ။ အုပ်ကြီးတွေလည်း မရှိတော့တဲ့အပြင် ဘယ်သူမှလည်း မလိုက်ရဲကြတော့ သူတို့ဘာသာ လိုက်ခေါ်တာ။ ရဲတွေက အသစ်ဖြစ်တဲ့အပြင် ကျိုက်ထိုမှာက အိမ်နံပါတ်တွေမရှိတော့ ရပ်ကွက်နဲ့ လမ်းနာမည်ပဲသိတော့ သူတို့ရှာရ တော်တော်ခက်တာ။ စာရွက်တွေကိုင်ပြီး လိုက်မေးတော့ တဆင့်တဆင့် သတင်းပြန်ပေးတော့ တော်တော်များများ လွတ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျိုက်ထိုမြို့နယ်အတွင်းက စစ်မှုထမ်းစာရင်းပါတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပေမဲ့ တဦးက မီးရထားဝန်ထမ်းဖြစ်ကာ တဦးက တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လဝကက စာရင်းတွေကြည့်ပြီး မြို့နယ်ထဲက အသက်ပြည့်တဲ့သူတွေထဲက ရွေးလိုက်ပြီး ဖမ်းတာ။ ၂ ယောက်တော့ ဖမ်းမိတယ်။ ဒါပေမဲ့ တယောက်က မီးရထားဂိတ်တံခါး ဖွင့်ပိတ်လုပ်နေတဲ့ ဝန်ထမ်းဖြစ်နေလို့ လွှတ်ပေးလိုက်တယ်။ နောက်တယောက်က ပထမနှစ်တက်မယ့် တက္ကသိုလ်ကျောင်းသားလေး။ သူ့ကိုတော့ ပိုက်ဆံတွေ ဘာတွေ တောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ အခု စစ်မှုထမ်းဖို့ လိုက်ခေါ်‌တာ ဘယ်သူမှ မလိုက်ပေးတော့ တော်တော်ဒုက္ခရောက်နေတာ။”

စစ်ကောင်စီက စစ်မှုထမ်းဖို့ လူလိုက်ခေါ်နေတာကြောင့် ‌မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကော့စံနိုင်၊ တောင်သူစု၊ ကံ့ကော်ရပ်ကွက်နဲ့ ဇေ‌ယျာမွန်တို့က လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ ၄ အထိ စစ်မှုထမ်းသင်တန်းသား ၁,၀၀၀ စစ်ကောင်စီက ခေါ်ယူခဲ့ပြီး သင်တန်းပို့ချနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013