စစ်ကောင်စီဟာ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ Non CDM ကျောင်းသားတွေကို ၂ ပတ်ခန့် စစ်မှုထမ်းရမယ်ဆိုပြီး ပြောဆိုစည်းရုံးနေတယ်လို့ ကျောင်းသားတွေထံက သိရပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို စစ်မှုထမ်းပါက လစာ တလကို ကျပ် ၁၅၀,၀၀၀ ပေးမယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အရာရှိတွေက သွားရောက်စဉ်းရုံးခဲ့တာဖြစ်ပြီး “စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း” ခေါင်းစဥ်ပါ ဝါဒဖြန့်ချိရေးစာတွေပါတဲ့ လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
ဓတုဗေဒဘာသာရပ်အထူးပြု ကျောင်းသားတဦးက “သူတို့ အဲဒီလို လာပြောပြီးတဲ့နောက်ပိုင်း အမေကတော့ ကျောင်းဆက်မတက်ဖို့ ပြောနေပြီ။ စစ်သင်တန်းတက်ပြီးရင် ရှေ့တန်းအပို့ခံရမှာတော့ ကြောက်တယ်။ သူတို့ကတော့ စစ်မတိုက်ရဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ သူတို့က လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဆိုတော့ ဘာမဆို ဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။
ဒဂုံတက္ကသိုလ်မှာ စစ်ကောင်စီက လာရောက်စည်းရုံး ဟောပြောတာတွေ ပြုလုပ်ချိန်မှာ ကျောင်းသားကျောင်းသူတွေရဲ့ ဖုန်းတွေ သိမ်းဆည်းခံခဲ့ရသေးတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကလည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေ စစ်မှုထမ်းဖို့ စည်းရုံးပြောဆိုတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားတဦးက “ကျောင်းသားတွေက နိုင်ငံရဲ့ အနာဂတ်တွေဖြစ်တယ်၊ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေ ဖြစ်လို့ အခြေခံစစ်ရေးသဘောတရားတွေ နားလည်ထားရမယ်ဆိုပြီး ပြောသွားတယ်။ မေဂျာအလိုက် သင်တန်းတက်ရမယ့်စာရင်းတွေ တောင်းထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက် အခန်း ၃၊ အမှတ် ၁၅ (က)၊ အမှတ်စဥ် ၃ အရ “ပညာသင်ကြားနေသူတွေဟာ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်” လို့ ပြဋ္ဌာန်းထားပေမဲ့ အခုအခါ တက္ကသိုလ်တွေမှာ စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးနေပါတယ်။
ဒါ့အပြင် ရန်ကုန်နဲ့ မြို့အသီးသီးက လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေတာ၊ ပေါ်တာဆွဲတာတွေကို စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အချို့လူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ သွားရောက်ခိုလှုံနေကြပါတယ်။