Home
မြန်မာသတင်း
ဟင်္သာတတွင် စစ်မှုထမ်း အပတ်စဉ် ၄ အတွက် ကျောင်းသားများကိုပါ စာရင်းကောက်နေ
DVB
·
August 8, 2024
Photo Crd-MV

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၄ အတွက် ကျောင်းသားတွေပါ စာရင်းသွင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ယာယီကင်းလွတ်ခွင့်ပေးတယ်လို့ ကြေညာထားပေမဲ့ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက သြဂုတ် ၆ ရက်က စတင်ပြီး စစ်မှုထမ်းအမှတ်စဉ် ၄ အတွက် အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် ကျောင်းသားတွေကိုပါ စာရင်းသွင်းကောက်နေယူတယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ ဟင်္သာတဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်နေတာ။ အမှတ်စဉ် ၄ လို့ ပြောတာပဲ။ ကလေးက ကျောင်းတက်နေတုန်းပါလို့ မိသားစုတွေကပြောတော့ စာရင်းအရင်ယူထားမယ်တဲ့ အုပ်ကြီးကပြောတာ။ ကျောင်းတက်နေတော့လည်း စစ်မှုထမ်းလို့ ပြောသေးတယ်၊ ကျန်တဲ့ကိစ္စတွေ အထက်ရောက် ပြောကြဆိုပြီး စာရင်းကောက်တာ။ ကလေးတွေကို စစ်မှုထမ်းစာရင်း ကောက်တာတော့ များလွန်းတယ်။ အဓိကကတော့ အောက်ခြေ အုပ်ချုပ်ရေးမှူးတွေက အမျိုးမျိုး ခြယ်လှယ်နေတာ” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ် စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အခုဖြစ်နေတာက သူတို့နဲ့ အဆင်မပြေတဲ့သူတွေကို ကျောင်းသားမကလို့ ဘာဖြစ်နေနေ စာရင်းသွင်းတာလို့ ကြားသိနေရတယ်။ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး အောက်ခြေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို စာရင်းကောက်တဲ့တာဝန် ပေးထားတာကိုက မှားသွားတာပဲ။ စကစ ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးလို့ ကြေညာနေတာက အလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အသက် ၄၀ အရွယ်တွေကို စစ်မှုထမ်းဖို့ စာရင်းသွင်းတာနဲ့ ပတ်သက်လို့ တစုံတရာကို လူမှုကွန်ရက် အွန်လိုင်းပေါ် တင်ပါက စစ်တပ်ကို ဖမ်းဆီးခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကလည်း ပထမအသုတ် အမှတ်စဉ် ၂ နဲ့ ၃ က စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုကာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက တအိမ်ထောင် ငွေကျပ် ၁၅,၀၀၀ အထိ ကောက်ယူခဲ့သေးတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024