Home
မြန်မာသတင်း
ကျိုက်မရောတွင် မြစ်ရေကြီးပြီး ကျောင်းများပိတ်၊ ဟင်္သာတတွင် လေပြင်းတိုက်၊ ပင်လောင်းမြို့၌ ရေကြီး 
DVB
·
August 1, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးတာကြောင့် စာသင်ကျောင်း ၂၅ ကျောင်း ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ ဇူလိုင် ၂၅ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ တောင်ကျရေ ကျတာကြောင့် အတ္ထရံမြစ် တိုးလာပြီး မြစ်ရေလျှံတဲ့အတွက် မြစ်တလျှောက်မှာရှိတဲ့ ကျောင်း ၂၅ ကျောင်းကို ဇူလိုင် ၂၉ ရက်ကစပြီး ယာယီ ပိတ်ခဲ့ပါတယ်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ယာယီပိတ်ထားတဲ့ ကျောင်းတွေမှာ မူလတန်းကျောင်း ၁၈ ကျောင်း၊ မူလွန်ကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂ ကျောင်းတို့ ဖြစ်ပါတယ်။

နီးစပ်သူတဦးက “အတ္ထရံမြစ်ရေလျှံပြီး မြစ်‌ကမ်းဘေးက ကျောင်းတွေ ရေဝင်နေလို့ ကျောင်းတွေ ပိတ်ထားရတာပါ။ အားလုံးပေါင်း ၂၅ ကျောင်း ပိတ်ထားရတာ။ စပိတ်တာက ၂၉ ရက်နေ့က စပိတ်တယ်။ ဘယ်နေ့ ပြန်ဖွင့်မလဲ၊ ရေလုံးဝကျပြီး သန့်ရှင်းရေးပါလုပ်ပြီးမှဆို တပတ်လောက် ကြာဦးမယ်။ မြို့ထဲက ကျောင်းတွေတော့ ပုံမှန်အတိုင်း ဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ချိန်မှာလည်း သင်ခန်းစာတွေ နောက်မကျစေဖို့အတွက် ကျောင်းပိတ်ရက်တွေမှာ အစားထိုး ပြန်လည်သင်ကြားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ဇူလိုင် တတိယပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် နေရာအနှံ့ ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး လူသောင်းနဲ့ချီ ရေဘေးရှောင်ရတာကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဇူလိုင် ၃၀ ရက်က မိုးသက်လေပြင်း တိုက်ခတ်လို့ လူနေအိမ်ပေါ် သစ်ပင်လဲကျပြီး နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဟင်္သာတမြို့နယ်၊ ဆကာရပ်ကွက်၊ ကန်ပတ်လမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် ပေ ၂၀ ခန့်၊ အမြင့် ပေ ၄၀ ခန့်ရှိ ကုက္ကိုပင် ပြိုလဲရာက လူနေအိမ်တွေပေါ်ပိလို့ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “လေကပြင်းတယ်၊ လေပြင်းဒဏ်ကြောင့် သစ်ပင်က အိမ်ပေါ်လဲကျတာ။ သစ်ပင်လဲကျမှုကြောင့် ဦးကျော်တိုးနဲ့ ဦးဝင်နိုင်တို့အိမ်တွေ အပါအဝင် နေအိမ် ၄ လုံး ပျက်စီးခဲ့တာပါ။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကို ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့နဲ့ ကျိုက်လတ်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီးခဲ့သေးတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့မှာတော့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတွေကြီးနေတာကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်တွေ ရေမြုပ်ကုန်ကြကာ အိမ်ခြေ ၂၀၀ ကျော်‌ရေဘေးသင့်နေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၃၁ က  ပင်လောင်းမြို့ အရှေ့ရပ်ကွက်နဲ့ အနောက်ရပ်ကွက်ကြားက နမ့်ဟူးတံတားမှာ ရေတွေကျော်နေပြီး ဩဂုတ် ၁ ရက် ဒီမနက် ၂ နာရီကျော်လောက်ကစလို့ မြို့ပေါ်ရပ်ကွက် ၅  ခုထဲရေတွေ ဝင်ရောက်လာတာလို့  ပင်လောင်းဒေသခံတဦးက DVB ကို ပြောပါတယ်။

“မိုးကအဆက်မပြတ်ရွာနေတော့ ဒီနေ့မနက် ၁ နာရီကျော် ၂ နာရီလောက်ကစ ရပ်ကွက်ထဲ ရေတွေဝင်လာခဲ့တယ်။ တောင်ကျရေတွေလည်းပါတယ်၊ ချောင်းရေလျှံကျတာလည်းပါတယ်၊  အနိမ့်ပိုင်းရပ်ကွက် မိုးရေတွေပြည့်လာတာလည်းပါပါတယ်။ ပင်လောင်း အရှေ့ ရပ်ကွက်၊ အနောက်ရပ်ကွက်၊ ကန်သာဦးရပ်၊ ကွက်သစ်ရပ်နဲ့ ဈေးတန်းရပ်ထဲ ရေတွေဝင်တယ်။ အိမ်ခြေပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ တချို့ရပ်ကွက်က ၁ ပေကျော်၊ တချို့က ခါးလောက် ၊ ဈေးတန်းရပ်က အနိမ့်ပိုင်းဆိုတော့ ခေါင်မိုးထိ မြှုပ်နေတယ်ခင်ဗျ။”  

သြဂုတ် ၁ ရက် မနက် ၄ နာရီကစပြီး ရပ်ကွက်တွေမှာ ရေတက်လာပြီး တချို့ မြေနိမ့်ပိုင်းနေ ပြည်သူတွေ ဘေးကင်းရာနေရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ နောက်ထပ် ဒေသခံတဦးကပြောပါတယ်။

“မိုးရွာတာ တလလောက် ရှိတော့မယ်။ ခုလည်း မိုးကောင်းနေတုန်းပဲ၊ မိုးဆက်ရွာရင် ရေပိုကြီးနိုင်တယ်။ ခုဆို နေအိမ်အောက်ထပ်ဆို နေလို့မရတော့ဘူး။ အရင်နှစ်လည်း ရေကြီးပေမဲ့ ခုနှစ်က ပိုဆိုးတယ်။”

ပင်လောင်းမြို့ဟာ ပင်လောင်းရေမျက်နှာပြင်အထက် ပေ ၄,၈၀၀ မှာရှိပြီး ဒါဟာ နှစ်ပေါင်း ၅၀ တွင်း မကြုံဖူးတဲ့ ရေကြီးမှုနဲ့ ကြုံရတာလို့ မြို့ခံတွေက ပြောပါတယ်။

နောက်ဒေသခံတဦးက “ပင်လောင်းမှာနေတာ အသက် ၄၀ ကျော်ပြီ၊ ခု ပထမဆုံးကြုံဖူးတာ။ အရင်လည်း မကြုံဖူးဘူး။ မြေအနိမ့်ပိုင်း အိမ်တချို့က ခေါင်မိုးတောင် မမြင်ရတော့တဲ့အထိ ရေကြီးတယ်။ ရေမြန်မြန်ကျဖို့ မျှော်လင့်ပါတယ်။ ဒီလို ရေမကြီးဖူးဘူးလေ၊ ဒီလိုရေကြီးတော့ ကြောက်တယ်” လို့ ပြောပါတယ်။

ပင်လောင်းမြို့ပေါ်မှာ ရပ်ကွက် ၁၀ ခုရှိပြီး KBZ ဘဏ်အောက်က ရပ်ကွက်၊ စျေးအနောက်ဘက်၊ စျေးတောင်ဘက်၊ စျေးမြောက်ဘက်နဲ့ မွေတော်ဘုရားကြီးအနီးတို့ရှိ ရပ်ကွက်များအပြင် မြေနိမ့်ပိုင်းရှိ ကျေးရွာတွေလည်း ရေနစ်မြုပ်ကြတယ်လို့ ပြောပါတယ်။

ရေကြီးလို့ ပင်လောင်းမြို့ပေါ်နဲ့ ကျေးရွာတချို့က စာသင်ကျောင်းလည်း ပိတ်ထားရပြီး မြေနိမ့်ပိုင်းနဲ့ ရေကြီးတဲ့ နေရာတွေမှာ ကလေးတွေကို ပေးမဆော့ဖို့၊ မသွားကြဖို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ရေဘေးဒုက္ခသည်တွေ အမြင့်ပိုင်းရပ်ကွက်ရှိ ဆွေမျိုးနဲ့ အသိနေအိမ်မှာ သွားနေကြသလို  တချို့က အိမ်အပေါ်ထပ်မှာ နေနေကြကာ ပစ္စည်းနဲ့ ဆိုင်ကယ်တွေ ကားတွေ ကြိုတင်ရွှေ့ပြောင်းထားကြပါတယ်။

ပင်လောင်းမြို့နယ် ပင်လောင်းကြီး၊ အရှေ့ရွာ၊ အနောက်ရွာ၊ စင်းတောင်း စတဲ့ ကျေးရွာတွေမှာလည်း စိုက်ခင်းထဲ ရေတွေဝင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024