Home
မြန်မာသတင်း
ဘားအံတွင် ပြည်သူ ၁၂,၀၀၀ ကျော် ရေဘေးသင့်၊ ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ် 
DVB
·
July 29, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ပြီး  လူဦးရေ ၁၂,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ခိုလှုံနေရတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဇူလိုင် ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၄၃ စင်တီမီတာကို ရောက်ရှိနေပြီး ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

တောင်ကျချောင်းရေတွေနဲ့ သံလွင်မြစ်ရေဟာ ၂၀၁၈ ခုနှစ်က စံချိန်ကို ကျော်လွန်ပြီး ဘားအံမြို့ပေါ် ရပ်ကွက် ၉ ခုအတွင်းက မြေနိမ့်ပိုင်းအားလုံး ရေဝင်ရောက်ပြီး နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

သံလွင်မြစ်ရေဟာ ရပ်တန့်နေပေမဲ့ ပင်လယ်ရေထရက်အထိ ရေပြန်လည်မကျဆင်းခဲ့ရင် ဘားအံမြို့ဟာ စိုးရိမ်ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြစ်ရေတန့်နေတော့ တခု စိုးရိမ်ရတာ လကွယ်ဆိုတော့ မြန်မာလို ရေသေရက်၊ ဒီလကုန် လကွယ်ပြီးတာနဲ့ ရေက ဒီအတိုင်းတန့်နေတော့ လဆန်းရက်မှာ ရေပြန်ထရင်တော့ နည်းနည်းစိုးရိမ်ရတယ်။ ရေဘေးကယ်ဆယ်ရေစခန်းတွေမှာ အနည်းဆုံး ထောင်ကျော်ကြီးပဲ။”

သံလွင်မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းက ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့နေထိုင်ဖို့ မီးသတ်ဌာနက လိုက်လံသတိပေး ကြေညာခဲ့ပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ အားနည်းချက်ကြောင့် ရေဘေးသင့်ပြည်သူတွေကို ရွှေ့ပြောင်းရာမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ရေတက်မှာကို မီးသတ်က လိုက်လံအသိပေးခဲ့တယ်။ ကြော်ငြာပေးတာကို လူတွေက ဂရုမစိုက်တော့ ကယ်တဲ့သူတွေ ဒုက္ခရောက်တာပေါ့။ ကျနော်တို့က အစည်းအဝေးမှာ တင်ပြတယ်။ မနှစ်က ရေကြီးမှုတွေ ရှိခဲ့တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အလုပ်လုပ်ဖို့ လိုအပ်တာပေါ့။ အမိန့်မနာခံတော့ ဒုက္ခရောက်တာပေါ့။ ကျနော်တို့ကယ်ရတာ ဖင်မနိုင် ခေါင်းမနိုင် ဖြစ်တာပေါ့။”

ရေဘေးသင့်ပြည်သူတွေဟာ အမှတ် ၁ ရပ်ကွက် မိုးလုံလေလုံအားကစားရုံ၊ ကြားတောရ၊ အမှတ် ၂ ရပ်ကွက် အထက ၁ မြကြေးမုံ၊ အားကစားရုံ၊ ကြားတောရ၊ အမှတ် ၃ ရပ်ကွက် ဆိုင်ကလုံး၊ ရွှေယာဉ်မျှော်၊ အမှတ် ၅ ရပ်ကွက် ဆိုင်ကလုံး၊ အထက ၃ အားကစားရုံ၊ အထက ၃ (ခွဲ)၊ အမှတ် ၆ ရပ်ကွက် အထက ၄၊ အမှတ် ၇ ရပ်ကွက် တိုင်းရင်းဆေးရုံက ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

ဇူလိုင် ၂၈ ရက်က အမှတ် ၉ ရပ်ကွက်က ပြည်သူတဦး ရေနစ်သေဆုံးခဲ့ပြီး နေအိမ်တွေမှာ ကျန်ရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို လူမှုကူကယ်ဆယ်ရေးအသင်းတွေက နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့ ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဘားအံ-ရန်ကုန် ခရီးသည်နဲ့ ကုန်စဉ်တင်ရေးတွေဟာ ဇူလိုင် ၂၈ ရက်က စတင်ပြီး ရပ်နားထားရတယ်လို့ ဘားအံမြို့ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူက ပြောပါတယ်။

“ဘားအံမှာ ရေတွေ တအားများနေတယ်။ ကားတွေ ဘယ်ကားမှ သွားလို့မရဘူး။ သံလွင်တံတား အရှေ့ဘက်ကော အနောက်ဘက်ကော ကားကြီးတွေတောင် ဖြတ်လို့မရတော့ဘူး။ လိုင်းတွေလည်း ခဏပိတ်ထားတယ်။ ရေက ရင်ဘတ်လောက် ရောက်သွားပြီ။ အောက်မှာ လမ်းမတွေ့ရဘူး။ လမ်းတွေ အောက်မှာ ပြိုထားလား မျောထားလား မသိတော့ ကားတွေမထွက်ရဲတော့ဘူး။”

ဘားအံမြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်ပေါ်နေပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေ၊ လှိုင်းဘွဲချောင်း၊ ဇမိမြစ်၊ သောင်ရင်းမြစ် စတဲ့မြစ်တွေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့တာကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်တွေမှာ ရေကြီးရေလျှံ နေပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၈ ရက် ညနေပိုင်းအထိ ခန့်မှန်းချက်အရ ကရင်ပြည်နယ်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်ကာ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေနဲ့ ကရင်ပြည်နယ်အတွင်း မိုးပိုလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013