Home
မြန်မာသတင်း
ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပခုက္ကူက စစ်တပ်ဂိတ် ပစ်ခတ်ခံရ
DVB
·
August 18, 2024
Photo - Min Min

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က ၃ ယောက် ဒဏ်ရာရ၊ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့​တယ်လို့ မြိုင် ပ.က.ဖ ဆီကနေ သိရပါတယ်။

ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ သြဂုတ် ၁၅ ရက် ညနေပိုင်း အင်းချောင်းကအပြန် ပိုက်တန်းကွေ့နားမှာ သေနတ်နဲ့ပစ်ခံရလို့ နားထင်ကို ကျည်ထိမှန်ပြီး ရွှေလောင်းဆေးရုံကို တင်ပို့ချိန် ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မြေနုရွာသားတယောက်က “ဆေးရုံကိုအားချင်းတင်တာ၊ အရောက်မှာဆုံးတာ။ သေနတ်ဒဏ်ရာက နားထင်ကို ၂ ချက်လောက် ထိထားတာဆိုတော့ပြင်းတာပေါ့။ ဘယ်အဖွဲ့အစည်းက သေနတ်နဲ့ ပစ်ခတ်တာဆိုတာကို မသိရသေးဘူး” လို့ ပြောပါတယ်။

မြေနုကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန့်ဇင်ဟာ စစ်မှုထမ်းကိစ္စတွေမှာ ငွေညှစ်တာ၊ ဖိအားပေး စစ်မှုထမ်းခိုင်းတာ၊ ဧည့်စာရင်းကိစ္စနဲ့ငွေညှစ်တာ၊ ဆိုင်ကယ်ကိစ္စနဲ့ငွေညှစ်တာ၊ NLD ပါတီဝင်တွေကို ဖမ်းခိုင်းတာစတဲ့ အချက်တွေကို အာဏာပြလုပ်ဆောင်နေသူ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေနတ်ပစ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီ လက်အောက်ခံ ပန်းတနော်မြို့ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူး စတဲ့သူတွေ လာရောက် စစ်ဆေးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်ကတော့ အဲဒီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးကတည်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားတွေ၊ ဆိုင်ကယ်တွေကို နေ့တိုင်း အတင်းအကျပ် စစ်ဆေးနေတာ တွေ့ရတယ်။ အုပ်ကြီးကတော့ ဆုံးပြီ” လို့ ပြောပါတယ်။

ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှာ ဇွန် ၁၄ ရက်နေ့က  ပြည်သူ့စစ်အဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ဧပြီ ၁၆ ရက်နေ့ကလည်း သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတယောက် ဓားနဲ့အခုတ်ခံရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့က သုသာန်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့​တယ်လို့ မြိုင် ပ.က.ဖ ဆီကနေ သိရပါတယ်။

မြိုင် ပကဖ ရဲ့ ​စစ်ဆင်ရေးတာဝန်ခံတယောက်က “မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာပါ။ အရင်ကတော့ အဲဒီဂိတ်မှာ ရဲနဲ့စစ်သား ၄၊ ၅ ယောက်လောက် ရှိတယ်။ ကျနော်တို့တွေ ဝင်ပစ်ပြီးတော့ ၃ ယောက်က ဒဏ်ရာတွေနဲ့ထွက်​ပြေးသွားကြတယ်” လို့ DVB ကိုပြောပါတယ်။

စစ်ဆေးရေးဂိတ်အတွင်းကနေ AK သေနတ် ၁ လက်၊ AK ကျည်ဘောက် ၁ ခ၊ စကားပြောစက် ၃ လုံးနဲ့အတူ တခြားစစ်အသုံးဆောင်တွေ သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် လက်နက်ခဲယမ်းတွေ လိုအပ်နေပြီး ပြည်သူတွေအနေနဲ့ ကူညီကြဖို့ မြိုင် ပ.က.ဖ တာဝန်ခံတယောက်က ပြောပါတယ်။

စစ်ဆေးရေးဂိတ်စခန်းတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ နဲ့အတူ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ တပ်ခွဲ (၁) တပ်စိပ် (၁) Burma Revolution Rangers (B.R.R)၊ Pakokku People Defense Force (P.P.D.F)၊ ဒေါင်းစစ်သည် နဲ့ Royal Defense Force (R.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲဒီ တပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကလည်း ချောက်မြို့နယ်က ဆားလယ် ကျေးရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကား ၁ စီးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013