Home
မြန်မာသတင်း
ဘီးလင်းမြို့ဝင်ကြေးဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်း ၅ ဦးဒဏ်ရာရ
DVB
·
August 13, 2024
ဘီးလင်းမြို့ဝင်ကြေးဂိတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင်ရှိ ဘီးခွန်ကောက်ခံရေးဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဝန်ထမ်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ နောင်ရိုးစည်ပင်ဘီးခွန်ဂိတ်ကို ဩဂုတ် ၁၂ ရက် ည ၆ နာရီမှာ ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကိုလာတဲ့ ကားတစီးပေါ်ကနေ ‌လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဘီးလင်းကောက်ခံရေးဂိတ်က ငွေကောက်ခံနေတဲ့ မန္တလာမိသားစုကုမ္ပဏီက ဝန်ထမ်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြို့ခံတဦးက “နောင်ရိုးစည်ပင်ဂိတ်ကို ကားတစီးကလာဝင်ပစ်သွားတာ။ ဝန်ထမ်း ၅ ဦး ဒဏ်ရာရသွားတယ်။ စိုးရိမ်စရာအခြေ‌အနေတော့မရှိပါဘူး။ ဘေးနားက စစ်တပ်ဘန်ကာက စစ်သားတွေက သူတို့ကိုလာပစ်တယ်ဆိုပြီး အကုန်ဝင်ပုန်းကုန်တာ။ ပစ်သွားတာကတော့ PDF တွေလို့ ပြောတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဒေသခံလူမှုကယ်ဆယ်အဖွဲ့တို့က ဘီးလင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဘီးလင်းမြို့အဝင်ရှိ နောင်ရိုးစည်ပင်ဘီးခွန်ဂိတ်ကို ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှ ထုတ်ပြန်ထားတာမရှိပေမဲ့ NUG လက်အောက်ခံ တပ်ရင်း ၇၈၀၅၊ တပ်ခွဲ၊ UG အဖွဲ့က တပ်သားတွေကတော့ သူတို့ပြုလုပ်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး NUG လက်အောက်ခံတပ်ရင်း ၇၈၀၅၊ တပ်ခွဲ၄၊ UG အဖွဲ့ နဲ့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကို ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာ ရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013