Home
မြန်မာသတင်း
မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ မိုင်းဆွဲတိုက်ခိုက်ခံရ ၊ အုပ်ချုပ်ရေးမှူး ညီအစ်မ ပစ်ခတ်ခံရ
DVB
·
August 6, 2024

မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အတွင်း ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည်ပြိုင်ပွဲ လာရောက်တဲ့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ပညာရေးဝန်ကြီးတို့ကို တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်လာစဉ် အမျိုးသမီး တော်လှန်ရေးရဲမေတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်က တက္ကသိုလ်မိန်းထဲကို ဝင်ရောက်လာချိန် တိုက်ခိုက်ခံခဲ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ တိုက်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖွင့်ထားတဲ့ UTC ကျောင်းနားမှာတလုံး၊ တက္ကသိုလ်အရန်တပ်ရင်းနားမှာတလုံး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ DVB အနေနဲ့ အသေးစိတ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ Eagle Guerrilla Force (ဗိုလ်ကောက်ရိုး)၊ Civilian Military-Sagain Region Defence Force မှ လက်ရွေးစဉ် အမျိုးသမီးရဲဘော်တွေက တက္ကသိုလ်မိန်းထဲအထိ ဝင်ရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သက်ဆိုင်ရာအဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါအဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ MDY-PDF နဲ့အတူ တိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာလည်း မေဃဂီရိရပ်ကွက်က အမျိုးသမီး အုပ်ချုပ်ရေးမှူးကို ဩဂုတ် ၆ ရက် မနက် ၈ နာရီခန့်က ဈေးဝယ်သွားတဲ့အချိန် ၁၈ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာ မေဃဂီရိအုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နဲ့ ညီမဖြစ်သူ ခင်ဖုန်းဆု တို့ဖြစ်ပြီး အစ်မဖြစ်သူ အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မြို့ခံတဦးက ပြောပါတယ်။

ညီမဖြစ်သူက ဈေးဝယ်နေစဉ် ပစ်သတ်ခံရတာဖြစ်ပြီး အစ်မဖြစ်သူ အုပ်ချုပ်ရေးမှူးကတော့ ညီမဖြစ်သူကို စောင့်ဆိုင်းနေစဉ် ကားထဲမှာ ပစ်သတ်ခံရကာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ညီမဖြစ်သူကတော့ ဦးခေါင်းမှာရရှိထားတဲ့ သေနတ်ဒဏ်ရာကြောင့် မန္တလေးဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

မေဃဂီရိရပ်ကွက်မှာ နေထိုင်သူတယောက်က “အမကတော့ အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတာ၊ ညီမကတော့ ခေါင်းရှပ်ထိတာလား မသိဘူး၊ မသေသေးဘူး။ ဆေးရုံကြီးကို သယ်သွားတယ်။ အခြေအနေ မကောင်းဘူးလို့တော့ ပြောနေကြတာပဲ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး မဖြိုးသန္တာအောင်နဲ့ ညီမဟာ မေဃဂီရိရပ်ကွက်အတွင်းသာမက အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်တွေကို လှည့်လည်ကာ စစ်ကောင်စီအတွက် စစ်သားသစ် စုဆောင်းပေးနေသူတွေအဖြစ် နာမည်ကျော်ကြားသူတွေလို့လည်း သိရပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆယ်ကျော်သက်လူငယ်တွေကို လူသစ်စုဆောင်းတာ၊ ဧည့်စာရင်းစစ် ငွေညှစ်တာ၊ မပေးနိုင်ရင် စစ်သင်တန်းပို့တာ စတာတွေကို ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013