နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၂/၂ မှာ ဇူလိုင် ၂၁ ရက် ညနေက ကင်းလှည့်နေတဲ့ စစ်ယာဥ်တန်းတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ ညနေ ၅ နာရီက တပ်ကုန်းမြို့နယ်အတွင်း ကင်းလှည့်နေတဲ့ စစ်တပ်ယာဥ်တစီးကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တပ်ကုန်းတပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"သတင်းအတိအကျရလို့ PDF တွေက တိုက်ခိုက်တာ။ တပ်ကြပ်ကြီးတဦးနဲ့ တပ်သားတဦး သေတယ်။ လေးဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို အမှတ် ၂ စစ်ဆေးရုံကို ပို့ထားတယ်။ လေးယောက်ထဲမှာ တယောက်က စိုးရိမ်ရတယ်။”
လုံခြုံရေးကင်းလှည့်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်နဲ့ ရဲတွေက မိုင်တိုင်အမှတ် ၂၃၂ /၂ အနီးမှာ တိုက်ခိုက်ခဲ့တဲ့ PDF တွေကို လိုက်လံရှာဖွေပေမဲ့ ဖမ်းဆီးရမိတာမရှိဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။
လုံခြုံရေးကင်းလှည့်ယာဥ် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ တပ်ကုန်းတပ်နယ်အတွင်းမှာ အရာရှိ၊ စစ်သည်တချို့ကို စစ်ဆေးခံရတယ်လို့ တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။